တောင်ကြီးမြို့လို့
ဆိုလိုက်တာနဲ့ လှပတဲ့ တောင်တန်းကြီးပေါ်မှာ တည်ရှိပြီး နတ်ဘုံနတ်နန်းတမျှ လှပတဲ့ မြို့လို့
တင်စားတတ်ကြတယ်။ တင်စား ရလောက်အောင်လည်း တောင်ကြီးမြို့ရဲ့ ခမ်းနားမှုတွေက ကြီးကြီးကျယ်ကျယ်
ရှိနေတယ်လို့ ဆိုရလိမ့်မယ်။ ၁၈၉၄ ခုနှစ်မှာ မြို့တော်ကို အစပြုခဲ့တယ်။
သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃၀ ကျော်၊
မြို့အနေအထားက တောင်နဲ့ မြောက်ကို မော်ဒယ်မလေး တစ်ယောက်လို ပါးလျသွယ်တန်းနေတယ်။ အရှေ့အနောက်က ငှက်တစ်ပစ် အကွာအဝေး။
.
မြို့တည်စ
အချိန် တောင်ကြီးမြို့ ၀န်းကျင်တစ်ခုလုံး အုံ့ဆိုင်းတဲ့ သစ်ပင်တွေ ထိန်ထိန်ညီးအောင်လွှ
မ်းခြုံခဲ့တယ်လို့ ဆိုကြတယ်။ အရှေ့ဘက် တောင်တကျော (မြို့တည်စအချိန် ရွှေဘုန်းပွင့်စေတီ
မရှိသေး) မုဆိုးတွေ တောလိုက်လို့ရအောင် တောင်ပေါ် မှာ တောတွေ ထူထပ်ခဲ့တယ်။ သမင်တွေ၊ ဒရယ်တွေ
ကျက်စားခဲ့တယ်လို့ ရှေးလူကြီးများ စကားတွေ ထားခဲ့ဖူးတယ်။
မြို့တော်ရဲ့
ခမ်းနားမှုတွေကြောင့် ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တောင်ကြီးမြို့ရဲ့ အရိပ်အာဝါသ
အောက် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေ များပြားလာခဲ့တယ်။ ဒေသခံ လူဦးရေထက် ၀င်ရောက်သူ
လူဦးရေက များပြား အလေးကဲလာတယ်။ စတုရန်းမိုင် ခပ်ငယ်ငယ် မြို့တော်က စတုရန်းမိုင်တွေ
ဆက်စပ် ကျဲပြန့်လာတယ်။ အချိန်တစ်ခုက ကိုင်းဖျားကိုင်းနား နေရာတွေ အချက်အခြာ ကျတဲ့နေရာတွေ
အဖြစ် ပြောင်းလဲကုန်တယ်။
ဒီလိုပြောင်းလဲခြင်းတွေနဲ့အတူ
မြို့တော်ရဲ့ လူဦးရေ သိပ်သည်းဆက ကြပ်ကြပ်တည်းတည်း အခြေအနေထိ ခရီးပေါက်ခဲ့တယ် ဆိုရမလား။
လူဦးရေသိပ် သည်းလာခြင်းနဲ့ အတူ မြို့တော်ရဲ့ သောက်သုံးရေ လိုအပ်ချက်က တစ်နှစ်ထက် တစ်နှစ်
ပိုမို များပြားလာပါတယ်။ မိုးရာသီနဲ့ ဆောင်း၀င်စ အချိန်က လွဲလို့ကျန်တဲ့နေ့ရက် အတော်များများ
သောက်သုံးရေ လိုအပ်ချက်ရဲ့ ရိုက်ခတ်မှုကို အလူးအလဲ ခါးစည်း ခံလာကြရပါတယ်။
.
မြို့တော်အတွင်း
ပြောင်းလဲလာမှုတွေကြောင့် ရေ၀ပ်ဧရိယာ နည်းပါးလာခဲ့တယ်။ ပတ်ကြားအက်မြေကြီးက ရေစိမ့်၀င်နိုင်မှုကို
တစ်နည်းတစ်ဖုံ အထောက်အပံ့ ဖြစ်စေတယ်။ မြေကြီးကို စင်းလုံးချော ဖုံးတဲ့ ကွန်ကရစ်တွေက
မြေအောက်ရေအတွက် ကြီးစွာသော ဒုက္ခကို ဖန်တီးစေခဲ့တယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲတဲ့ နိယာမလို
တိုးတက်လာခြင်း နောက်က ဆုတ်ယုတ်ခြင်း တစ်မျိုး။
.
သစ်ပင်သစ်တော
ပျက်သုန်းရင် သဘာ၀ပတ်၀န်းကျင်ကို အလုံးစုံ ထိခိုက်စေတယ်။ ရေ၀ပ်ဧရိယာ ပျောက်ကွယ်ရင်
ရေအသက်တစ်မနက် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ထိခိုက်နိုင်ချေတွေ များလာပါလိမ့်မယ်။ သစ်ပင်သစ်တောနဲ့
ရေ၀ပ်ဧရိယာတွေက ဆက်စပ် ပတ်သက်နေပါတယ်။ သစ်ပင်သစ်တောတွေ ရှင်သန်ဖို့ ရေ၀ပ်ဧရိယာတွေက
တစ်ဖက်တစ်လမ်းက အထောက်အပံ့ ပြုတယ်။ ရေ၀ပ်ဧရိယာတွေ ခိုင်မြဲဖို့ သစ်ပင်တွေကလည်း အကာအကွယ်
ပြုစေပါတယ်။
.
သစ်ပင်သစ်တောနဲ့
ရေ၀ပ်ဧရိယာ နှစ်ခုလုံး ရှင်သန် ဖွံ့ဖြိုးဖို့ကတော့ လူသားတွေရဲ့ တာ၀န်တစ်ရပ်ပါ။
လက်ရှိ တောင်ကြီးမြို့ သဘာ၀ပတ်၀န်းကျင် အနေအထားက သစ်ပင်သစ်တောတွေ ပြုန်းတီးစ ပြုလာနေပါပြီ။
ရာသီဥတုကို သမမျှတစေမယ့် သစ်တော သစ်ပင်ကြီးတွေ မရှိသလောက် ဆုံးရှုံးလာနေပါတယ်။ မြေအောက်ရေကို
ထိန်းသိမ်းနိုင်မယ့် ရေ၀ပ် ဧရိယာတွေလည်း ဝိသမ အဆောက်အဦ စီမံကိန်းတချို့ကြောင့် ဆုံးရှုံးစ
ပြုလာပါတယ်။
.
လက်ရှိ
အနေအထားအရ တောင်ကြီးမြို့တော် အတွက် ရေ၀ပ်ရေထိန်း ဧရိယာအဖြစ် နေရာအနည်းငယ်သာ ကျန်ပါတော့တယ်။
အဲဒီနေရာတွေကတော့ ကျောင်းကြီးစုရပ်ကွက် အတွင်းက ဂနိုင်ရေကန် ၃ ခု။ အဆောက်အဦ တချို့
ဘေးပတ်လည်က ဝိုင်းပြီး ဒုက္ခပြုခြင်း ခံထားရတဲ့ မြို့လယ်ခေါင်က မြကန်သာရေကန်။ ပထမဆုံး
မြို့ရေပေးဝေရေးကို အစပြုခဲ့တဲ့ ရှရှားကန်များပဲ ဖြစ်ပါတယ်။ တောင်ကြီး
တက္ကသိုလ်နဲ့ ဧရာ၀တီလမ်းဆုံကြားက မိုးမခကန်ကတော့ ရေထိန်းသိမ်းနိုင်ခြင်း မရှိတော့ပါဘူး။
.
ကြီးကြီးမားမား
ရေ၀ပ်ရေထိန်း ဧရိယာများအဖြစ် လက်ညှိုးထိုးပြစရာ ကျန်နေတဲ့ နေရာတွေကို ကြီးကြီးမားမား
အကြီးစား ထိန်းသိမ်းထားနိုင်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မြို့ပြ ဖွံ့ဖြိုးလာမှုနဲ့အတူ
မြေအောက်ရေ ထုတ်ယူ သုံးစွဲမှုပမာဏက နှစ်စဉ် မြင့်တက်လာနေပါတယ်။ လိုအပ်ချက် ပမာဏ များပြားလာသလို
မြေအောက်ရေ ရှားပါး ခန်းခြောက်ခြင်းလည်း မြင့်တက်လာနေပါတယ်။
တောင်ကြီးမြို့တော်ရဲ့
ပြောင်းလဲလာတဲ့ရာသီဥတု၊ တိုးပွားလာတဲ့ လူဦးရေ၊ မြေအောက်ကို ရေစိမ့်၀င်နိုင်မယ့် အခွင့်အလမ်း၊
ထုတ်ယူသုံးစွဲမှု များပြားလာတဲ့ ပမာဏ အစရှိတဲ့အချက်တွေကြောင့် တောင်ကြီးမြို့တော်ရဲ့
မြေအောက်မှာ သုံးစွဲရေ ထုတ်လုပ် ပေးနိုင်တဲ့ အခြေအနေ နည်းပါးလာနေတယ်လို့ ဆိုကြပါတယ်။
နောင်ရောက်လာတော့မယ့် နှစ် အနည်းငယ်အတွင်း ရေ ရှားပါးမှုဒဏ်ကို ခါးစည်းခံရနိုင်တယ်လို့ မှတ်ချက်ပြုသံတွေ ကြားသိလာရတယ်။
.
အနာဂတ်မှာ
မြို့တော်ရဲ့ ခမ်းနားကြီးကျယ်တဲ့ ကောင်းမွေကို ဆက်ခံမယ့် မျိုးဆက်သစ်တွေအတွက် သစ်ပင်သစ်တောနဲ့
ရေ၀ပ်ရေထိန်း ဧရိယာတွေကို ဝိုင်း၀န်းကြိုးပမ်း ထိန်းသိမ်းဖို့ အကြံပြု တင်ပြလိုက်ရပါကြောင်း။
။
.
❏ အောင်ဆန်းဝင်း




No comments:
Post a Comment