တောင်ကြီးမြို့၊ နာရီစင်ညဈေးရှိ ဈေးသည်များကို မေလ ၁၅ ရက် အပြီးရွှေ့ခိုင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 14, 2026

တောင်ကြီးမြို့၊ နာရီစင်ညဈေးရှိ ဈေးသည်များကို မေလ ၁၅ ရက် အပြီးရွှေ့ခိုင်း

.

ဈေးသည်များ အဆင်မပြေ ဖြစ်ပေါ်နေ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ နာရီစင်ညဈေးရှိ ဈေးသည်များကို မေလ ၁၅ ရက် နောက်ဆုံးထား၍ အပြီး ပြောင်းရွှေ့ပေးရန် စည်ပင်သာယာရေးဌာနက ညွှန်ကြားထားပြီး ယာယီဈေး တည်ဆောက်မှု မပြီးစီး သေးသဖြင့် ဈေးသည်များ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေး နေရာတွင် သီဟကုမ္ပဏီမှ ၇ ထပ် ကားပါကင် အဆောက် အဦ ဆောက်လုပ်မည်ဖြစ်သည့်အတွက် ယင်းနေရာရှိ ဈေးသည်များကို မြို့မဈေး မြောက်ဘက်၊ ကုန်သည် လမ်းတွင် ယာယီ နေရာချထားပေးသွားမည်ဖြစ်ကာ လက်ရှိတွင် ယင်း ယာယီညဈေးမှာ တည်ဆောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

.

“အိမ်သာလည်း မပြီးသေးဘူး၊ အချောလည်းမကိုင်ရသေးဘူး။ ကျွန်မတို့ကို ဇွတ် ပြောင်းခိုင်းနေတာပါ။ ပြီးတော့ နေရာအရမ်းကျဉ်းတယ်။ ဘယ်လိုမှ ရောင်းလို့ အဆင်မပြေဘူး။ ၁၀ ပေပတ်လည် ဆိုတော့ စားသောက်ဆိုင် ဘယ်လိုမှ ရောင်းလို့မရဘူး။ မီတာလည်း မနေ့ (မေလ ၁၃ ရက်) က ဖြုတ်သွားပါပြီ” ဟု ညဈေးတန်း ဈေးသည်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ညဈေးတန်းနှင့် မသက်ဆိုင်သော သား၊ ငါးဆိုင်များကိုလည်း ယာယီညဈေးတွင် နေရာပေးထား သည့်အတွက် ညဈေးတန်း ဈေးသည်များ ရရှိသည့် နေရာ ကျဉ်းမြောင်းသွားကြောင်း ၎င်းထံက သိရသည်။

.

ထို့အတူ အခြား ဈေးသည်တစ်ဦးကလည်း “ကျွန်မတို့ပစ္စည်းတွေက သယ်ရခက်တယ်။ ပစ္စည်းသိမ်းတဲ့ နေရာ ကလည်း အရမ်းဝေးတော့ တင်ပြတဲ့အခါ သူတို့ (စည်ပင်) က အဲဒီနေရာမှာပဲ ထားလို့အဆင်ပြေအောင် စီစဉ် ပေးမယ်၊ ရွှေ့ရင်လည်း ကူညီပေးမယ် လို့ ပြောပေမဲ့ ဘာတစ်ခုမှ မလုပ်ပေးပါဘူး” ဟုပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းဝင်းအား သွားရောက်တွေ့ဆုံမေးမြန်းရာတွင် ကားပါကင် အ‌ဆောက်အဦ ဆောက်လုပ်ရန်အတွက် ဖောင်ဒေးရှင်း လုပ်ငန်းများကို မိုးမကျမီ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်းနှင့် ယာယီ ညဈေးနေရာတွင် တည်ဆောက်ရန် ကျန်နေသည့် အိမ်သာနှင့် အချောကိုင်လုပ်ငန်းများကို ရက်ပိုင်းအတွင်း အပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.

No comments:

Post a Comment

Pages