တရုတ်နိုင်ငံထဲမှာ ယွမ် ၁၈ သန်းကျော် လိမ်ပြီး ထိုင်းနိုင်ငံထဲ လာပုန်းနေတဲ့ လူ ၄ ဦးကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

တရုတ်နိုင်ငံထဲမှာ ယွမ် ၁၈ သန်းကျော် လိမ်ပြီး ထိုင်းနိုင်ငံထဲ လာပုန်းနေတဲ့ လူ ၄ ဦးကို ဖမ်းမိ



တရုတ်နိုင်ငံဝူဟမ်ပြည်နယ်ထဲကနေ ယွမ် ၁၈ သန်း (ထိုင်းဘတ် ၈၇သန်း) နီးပါး လိမ်လည်ပြီးနောက် ထိုင်းနိုင်ငံထဲ လာရောက် ပုန်းအောင်းနေတဲ့ တရုတ်လူမျိုး ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချောင်ဘူရီနဲ့ ဆာမတ်ပရာကန် မှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပြီး သူတို့က အသက်ကြီးပြီး အလုပ် မလုပ်တော့တဲ့ နိုင်ငံခြားသားတွေကို တခြားနိုင်ငံမှာ ရေရှည် နေထိုင်ခွင့်ပေးတဲ့ Retirement Visa ကို အသုံးပြုထားကြတာပါ။
.
ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ချောင်ဘူရီပြည်နယ်၊ ဘန်လာမွန်ခရိုင်ထဲက အကောင်းစား အိမ်ယာတစ်ခုမှာ တရုတ်အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးမိခဲ့တာပါ။
.
သံသယ ရှိသူတွေက ချန်း(၅၅ နှစ်)၊ ယွမ် (၅၄နှစ်)၊ ဖိုင်(၅၁ နှစ်)နဲ့ ဖေး(၅၁နှစ်) တို့ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီလုပ်ဆောင်မှုက လန်ကန်း-မဲခေါင် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းစင်တာ ကနေ ထိုင်း အာဏာပိုင်တွေကို ဒီတရားခံ ၄ ဦးကို ခြေရာခံ ဖမ်းဆီးပေးဖို့ တောင်းဆိုပြီးခဲ့တဲ့နောက် ဖြစ်ပေါ်လာတာပါ။
.
သူတို့က တရုတ်နိုင်ငံ ဝူဟန်ကနေ စာရွက်စာတမ်းအတု လုပ်မှု၊ လိမ်လည်မှုတွေနဲ့ ဖမ်းဝရမ်း အထုတ် ခံထားရသူတွေပါ။ သံသယရှိသူတွေက ဝူဟန်မြို့မှာ ရှိတဲ့ မြို့ပြ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကန်ထရိုက် တစ်ဦးနဲ့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။ သူတို့က စာရွက်စာတမ်းနဲ့ မှတ်တမ်းတွေကို အတုလုပ်ပြီး ဝူဟန်မြို့သစ် စီမံခန့်ခွဲရေး ကုမ္ပဏီဆီကနေ မြေသိမ်းဆည်းမှုနဲ့ ဖျက်သိမ်းရေး လျော်ကြေးငွေတွေကို လိမ်လည် ရယူခဲ့ကြတာပါ။
.
အဲဒီနောက်ပိုင်းမှာတော့ သူတို့က ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာကြပြီး Retirement Visa ကို သုံးကာ ပုန်းအောင်း နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

.
Source – Bangkok Post
.

#KBZTai #Shan #Thai #Chinese

No comments:

Post a Comment

Pages