လားရှိုးတွင် နေအိမ်တံခါးရွက်များ ဖြုတ်ခိုးလာသူ ၂ ဦးကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

လားရှိုးတွင် နေအိမ်တံခါးရွက်များ ဖြုတ်ခိုးလာသူ ၂ ဦးကို ဖမ်းမိ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ မေလ ၂၉ ရက်၊ နံနက်အစောပိုင်းက အိမ်တံခါးရွက်များ ဖြုတ်ခိုးသယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
လှည့်ကင်း သွားရင်းနဲ့ မိတာပါ။ သုံးဘီး ဆိုင်ကယ်နဲ့ တံခါးက ၁၂ ချပ်ပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မေလ ၂၉ ရက်၊ နံနက် ၄ နာရီခန့်က လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ ထင်းရှူးမြိုင် (၁) လမ်းတွင် မသင်္ကာဖွယ် သုံးဘီးဆိုင်ကယ်တစ်စီးအား တွေ့ရှိသဖြင့် တားဆီးစစ်ဆေးရာ သုံးဘီးယာဉ်ပေါ်၌ ဆေးသုတ်ထားသော အိမ်တံခါးရွက် ၁၂ ရွက်တွေ့ရှိရပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အပြင် ရေရေ ရာရာပြောဆို နိုင်ခြင်းမရှိ၍ နေအိမ် အဆောက်အဦးတစ်ခုခုမှ ဖြုတ်၍ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ရာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တံခါးရွက်များ ခိုးယူလာသူ သုံးဘီးဆိုင်ကယ် မောင်းနှင်သူ သန်းစိုးအောင် နှင့် စိုင်ထက်ဝေယံ (ခ) စိုင်းမင်းထက်တို့ နှစ်ဦးအား လားရှိုးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
လားရှိုးမြို့တွင် စစ်ဘေးရှောင်ရာမှ အိမ်ရှင်များပြန်မရောက် လာသေးသော နေအိမ်များကို မသမာသူများက ဖောက်ထွင်းဝင်ရောက်ပြီး ဆိုင်ကယ်များ ကားများ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများ ကိုသာမက နေအိမ်၏ တံခါးရွက်များကိုပါ ဖြုတ်၍ ခိုးယူနေမှုများ ရှိနေကြောင်းသိရသည်။
.
#KBZTai #Shan #Lashio

No comments:

Post a Comment

Pages