တောင်ကြီးမြို့နယ်အတွင်းရှိ ပန်းခြံများကို အဆင့်မြှင့်တင်သွားမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 15, 2026

တောင်ကြီးမြို့နယ်အတွင်းရှိ ပန်းခြံများကို အဆင့်မြှင့်တင်သွားမည်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

.

တောင်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ပန်းခြံများကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ပြည်သူတွေ လွတ်လပ်စွာ အပန်းဖြေ အနားယူနိုင်ဖို့အတွက် တောင်ကြီးမြို့နယ်အတွင်းက ပန်းခြံတွေကို အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေကလည်း လာရောက်အပန်းဖြေတဲ့သူတွေ စိတ်းချမ်းမြေ့စေဖို့ နှစ်ရှည်ပင်တွေ၊ ရာသီပန်းတွေ စိုက်ပျိုးတာတွေ ဆောင်ရွက်နေပါတယ်။ စည်ပင်သာယာရေးဌာန အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ရက် ၁၀၀ အတွင်းမှာ ပြီးပြတ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ပြောသည်။

.

တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ကြီးကြပ်မှုအောက်ရှိ မြကန်သာပန်းခြံကို ဝင်းထက်မြန်မာ ကုမ္ပဏီအား လည်းကောင်း၊  ဂနိုင်ကန်ပန်းခြံကို Eco Care ကုမ္ပဏီအား လည်းကောင်း နှစ်ရှည် လုပ်ကိုင်ခွင့် ပြုထားပြီးဖြစ်ကာ ထီသိမ် View Point ကိုလည်း ကျိုင်းတုံမြို့ရှိ ကျိုင်းတုံရေတံခွန် အပန်းဖြေစခန်းအား တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းက တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း ၃ ထပ် လူနေ ဆိုင်ခန်းများ ဆောက်လုပ်ရန် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တင်ပြခဲ့ဖူးပြီး ဒေသခံများ၏ ကန့်ကွက်မှုများ ရှိခဲ့သည့်အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးဌာနတို့က ခွင့်မပြုသဖြင့် လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

.

“နောက်မှပေါ်လာတဲ့ ပန်းခြံတွေကအများကြီးပါ။ ဥပမာ ဂနိုင်ကန် ပန်းခြံလိုပေါ့။ လက်ဝါးချင်း ရိုက်ထားတဲ့ အကျိုးတူတွေ ပြောရမှာပေါ့။ အဓိက က မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို မြို့အင်္ဂါ မပျက်အောင် ထိန်းသိမ်းဖို့ လိုပါတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

.

ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသည် တောင်ကြီးမြို့ပေါ်ရှိ တစ်ခုတည်း ကျန်ရှိသည့် အများပြည်သူ အနားယူ အပန်းဖြေရာ ပန်းခြံတစ်ခုဖြစ်ပြီး ကျန်ပန်းခြံများမှာ ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။

.

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအတွင်း နေ့စဉ် ညနေကျောင်းဆင်း/ရုံးဆင်းချိန် များ၌ ကလေးငယ်များ၊ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages