အီရန်ကို စိတ်ပျက်လာပြီး တိုက်ပွဲကြီးတွေ ပြန်စဖို့ လုပ်နေတဲ့ ထရမ့် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 12, 2026

အီရန်ကို စိတ်ပျက်လာပြီး တိုက်ပွဲကြီးတွေ ပြန်စဖို့ လုပ်နေတဲ့ ထရမ့်



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်နဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးမှု ရလာဒ်တွေကို စိတ် ပျက်နေပြီး ဒီတစ်ပတ်ထဲမှာ တိုက်ပွဲကြီးတွေ ပြန်လည် စတင်ဖို့ စီစဉ်နေပါပြီ။ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှု အရတော့ ထရမ့်က ဟောမုဇ် ရေလက်ကြားကို ဆက် ပိတ်ထားတာ၊ အီရန် ခေါင်းဆောင်တွေ အကြားမှာ နျူကလီးယားနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တာတွေအပေါ် စိတ် မရှည်တော့ဘူးလို့ ဆိုပါတယ်။
.
အီရန်ဖက်က နောက်ဆုံးပေးပို့တဲ့ အဆိုပြုချက်တွေကို ထရမ့်က “လုံးဝလက်မခံနိုင်ဘူး” “မိုက်မဲတဲ့ အဆိုပြုချက်တွေ” လို့ ဖော်ပြခဲ့ပြီးတဲ့နောက် အမေရိကန် အရာရှိတချို့က အီရန်ဟာ အမှန်တကယ် ဆွေးနွေးဖို့ရော ဆန္ဒရှိရဲ့လားဆိုတာ သံသယ ဝင်လာခဲ့ကြပါတယ်။

.
အမေရိကန်ဖက်မှာလည်း အီရန်အရေးနဲ့ ပတ်သက်လို့ အုပ်စု ၂ စု ကွဲနေကြပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနဖက်က အရာရှိတွေက အီရန်ကို ပိုပြီး အားနည်းသွားစေမယ့် တိကျတဲ့ စစ်ရေး တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့ တိုက်တွန်းနေကြပြီး အီရန်ကို ဆွေးနွေးစားပွဲဆီ ပြန်လည် တွန်းပို့စေချင်နေပါတယ်။ တချို့ကတော့ သံတမန်ရေးရာ နည်းလမ်းတွေနဲ့ပဲ ဆက် ကြိုးစားချင်နေကြပြီး အီရန်ကို အခွင့်အရေး ပေးသင့်တယ်လို့ ယုံကြည်နေကြတာပါ။
.
ထရမ့်ရဲ့ အနီးအနားက အကြံပေးတွေကတော့ ပါကစ္စတန်ဖက်က ကြားဝင် ညှိနှိုင်းနေသူတွေဟာ အီရန်ကို ပိုပြီး ပြင်းထန်တဲ့၊ တိုက်ရိုက်ကျတဲ့ သတင်းစကားမျိုး ပေးသင့်တယ်လို့ ယူဆနေကြပါတယ်။
ပါကစ္စတန် အနေနဲ့ ထရမ့်ရဲ့ မကျေနပ်မှုတွေကို အီရန် အစိုးရဆီ လုံလောက်အောင် မဖော်ပြပေးနိုင်ဘူးလို့ အမေရိကန်ဖက်က သံသယ ရှိနေပြီး အီရန်ရဲ့ သဘောထားကိုလည်း အမှန်တကယ် အခြေအနေထက် ပို ကောင်းတဲ့ ပုံစံနဲ့ အမေရိကန်ဆီကို တင်ပြနေတယ်လို့ ယုံကြည် သူတွေလည်း ရှိပါတယ်။
.
တချို့ကတော့ ပါကစ္စတန်အနေနဲ့ အီရန်ဖက်ကို အမေရိကန်ရဲ့ သဘောထားအမှန်ကို ပေးပို့ နေခဲ့ပေမယ့်လည်း အီရန်ဖက်က အဲဒီသတိပေးချက်တွေကို ဂရုမစိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထရမ့်ဖက်ကတော့ အမေရိကန်အနေနဲ့ အီရန်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးလာပြီး အချိန် ဆက်မပေးချင်တော့ဘူးလို့ လေသံပစ်နေပါတယ်။ အီရန်ဟာ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆယ်စုနှစ်များစွာ ခံလာရတဲ့ နိုင်ငံဖြစ်တာကြောင့် ဖိအားတွေကို ခံနိုင်ရည် မြင့်တယ်လို့လည်း အမေရိကန်က သုံးသပ်ထားပါတယ်။

No comments:

Post a Comment

Pages