.
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့တွင် ယနေ့ မေလ ၁၂ ရက်၊ နံနက်ပိုင်းက အုတ်တံတိုင်းပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး
သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်၊ ခရေလမ်းအတွင်းရှိ အလျား
၁၆ ပေ၊ အမြင့် ၆ ပေခန့်ရှိ ခြံစည်းရိုး အုတ်နံရံ မှာ မိုးရွာသွန်းမှုကြောင့် ကြံ့ခိုင်မှု
အားနည်းပြီး ပြိုကျခဲ့ရာ ဈေးရောင်းချနေသူ အမျိုးသမီး ၂ ဦး ပိမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အုတ်တံတိုင်း ပိမိမှုကြောင့် အသက် ၅၀ ကျော်ခန့်ရှိ
အမျိုးသမီးတစ်ဦးတွင် ဦးခေါင်းဝဲဘက် ခြမ်းချိုင့်ဝင်ဒဏ်ရာ၊ ဦးခေါင်းငယ်ထိပ်
ချိုင့်ဝင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာများရရှိကာ
ပင်းတယပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
“ဖြစ်စဉ်ဖြစ်ပွားတာ ဟုတ်ပါတယ်။ ဒေသဦးစီးအဖွဲ့ အနေနဲ့
ဒဏ်ရာရသူကို တစ်သိန်းကျပ်၊ သေဆုံးတဲ့ မိသားစုကို နှစ်သိန်းကျပ် ထောက်ပံ့ကူညီခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်တဲ့ နေရာကိုလည်း ကွင်းဆင်းကြည့်ပြီးတော့ သဘာဝဘေးတွေ ထပ်မဖြစ်အောင် သက်ဆိုင်ရာဌာနတွေနဲ့
ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ထားပေးပြီး ဖြစ်ပါတယ်” ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အပါအဝင်
မြန်မာတစ်နိုင်ငံလုံးတွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီး မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊
မြေပြိုမှုနှင့် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာနိုင်ကြောင်း သတိပေး ပြောဆိုမှုများ
ရှိနေသည်။
.

No comments:
Post a Comment