မက်မန်းမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 14, 2026

မက်မန်းမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းမိ

 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အနီးတွင် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့က အွန်လိုင်း လိမ်လည်လောင်းကစား လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစား မှုများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်ရာ မေ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၄၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါနေရာ အနီးတွင်ပင် လုပ်ငန်း လုပ်ဆောင်သည့် အဆောင်များ၊ လူနေတဲများ၊ ဆိုင်ကယ် ၂ စီး၊ ရေခဲသေတ္တာ ၂ လုံး၊ Freezer ၅ လုံးနှင့် မီးစက် ၃ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.



ပူးပေါင်းအဖွဲ့သည် သံလွင် မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ ယမန်နေ့ မေလ ၁၃ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့် အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားမဝင် တရုတ်နိုင်ငံသားများကို ၁၈ ဦး အဖွဲ့၊ ၁၉ ဦးဖွဲ့၊ ၂၁ အဖွဲ့နှင့် ၁၇ ဦး အဖွဲ့၊ စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၇၅ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အဆိုပါ အနီး တစ်ဝိုက်၌ တရားမဝင်တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား ၉၀ ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့အား ဖမ်းဆီးရမိခဲ့သည့် နေရာတစ်ဝိုက်မှ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် လူနေတဲများ၊ မီးစက် ၅ လုံး၊ Freezer ၃ လုံး၊ ဂတ်စ်အိုး ၂၀ လုံး၊ ထမင်းပေါင်းအိုး ၁ လုံး၊ ငါးထပ်သားပြား ၈၉ ပြား၊ ဆိုင်ကယ် ၄ စီးနှင့် Star Link ၂ လုံးတို့ ကိုလည်းကောင်း၊ မီးစက်အကြီး ၄ လုံး၊ ရေခဲသေတ္တာအကြီး ၄ လုံး၊ ထမင်းပေါင်းအိုး အကြီး ၁ လုံး၊ ပလတ် စတစ်ထိုင်ခုံ ၃၀ လုံး၊ ဒီဇယ်ဆီထည့်သည့် ပုံးအပြာ ၁၀ လုံး၊ ဆီတစ်ဝက်ပါ ဆီပေပါ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကို လည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကာ နောက်ကွယ်မှ ပါဝင် ပတ်သက်သူများကို စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။
.
#KBZTai #Shan #MatMan
.

 

No comments:

Post a Comment

Pages