.
၂၀၂၆ ခုနှစ်၊ မေလ ၁၄
.
ပြီးခဲ့သည့် မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နှစ်ရက်ဆက်တိုက်
အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အနောက်ဘက်ခြမ်း ကျေးရွာများရှိ
စိုက်ခင်းများတွင် ရေဝင်နစ်မြုပ် နေကြောင်း ဒေသခံများထံက သိရသည်။
.
.ယင်းကဲ့သို့ မိုးရွာသွန်းမှုကြောင့် အင်းလေးကန် အနောက်ဘက်ခြမ်းရှိ
လယ်သစ်ထက်၊ သပြေပင်ထောင့်ကွေး၊ ပျားပင်တောင်အလယ်ဝိုင်း စသည့်ကျေးရွာများတွင် စိုက်ပျိုးထားသော
မြေပဲစိုက်ခင်းများ၊ လယ်ယာစိုက်ခင်း များ ရေဝင်နစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်၊
.
“ပြီးခဲ့တဲ့ နှစ်ရက်က ရွာတဲ့မိုးက အင်းလေးကန် အနောက်ဘက်ခြမ်းမှာ
တော်တော်လေးကို မြှုပ်ကုန်တာ။ ငလျင်လှုပ်ပြီးတော့ အင်းလေးကန် မြေထုက တက်လာတယ်။ ရေနည်းနည်းဝပ်တာနဲ့
အပင်တွေက ချက်ချင်း တန်းမြုပ်သွားတယ်။ တောင်သူတွေကလည်း စိုးရိမ်ကုန်တာပေါ့” ဟု အင်းလေးစာပေ၊
ယဉ်ကျေးမှုနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေါ်သန္တာစိုးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် နေရာသို့ ယမန်နေ့
မေလ ၁၄ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်ကွင်းဆင်းကြည့်ရှု
စစ်ဆေးခဲ့ပြီး အင်းပေါခုံကျေးရွာရှိ ရေထိန်း (Geo Tube) ဖွင့်ချပေးရန်
ဆည်မြောင်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
“ဒီနေ့ ရေဖောက်ချပေးနိုင်ရင် အခြေအနေတစ်မျိုး ပြောင်းသွားနိုင်ပါတယ်။
အခုလောလောဆယ်အထိ ကတော့ ပျက်စီးဆုံးရှုံးမှု မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့သာ ရေမကျရင်တော့
အပင်တွေ သေမှာပါ။ ရေက ဝပ်နေသေးတယ်။ ဆည်မြောင်းက ဒီနေ့ ရေဖွင့်ပေးမှ ရမှာပါ။ သူတို့
ဒီနေ့ ဖွင့်ပေးမယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ပြီးခဲ့သည့်
၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များအတွင်း ရေကြီးနစ်မြုပ်မှု ကြောင့် စိုက်ခင်းဆုံးရှုံးပျက်စီးမှုများ
ရှိခဲ့ဖူးကြောင်း သိရသည်။
.

No comments:
Post a Comment