ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ထရမ့်ကို ရှီကျင့်ဖျင် သတိပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 15, 2026

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ထရမ့်ကို ရှီကျင့်ဖျင် သတိပေး



.
တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်တယ်လို့ ပြောဆိုလိုက်ပေမဲ့ ထိုင်ဝမ်ကိစ္စကိုတော့ မှားယွင်းစွာ ကိုင်တွယ်မယ်ဆိုရင် အလွန် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်လာနိုင်တဲ့အကြောင်း ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပါတယ်။
.
ရှီကျင့်ဖျင်က အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေးကို လုံးဝမပျက်စီးစေရဘူးလို့ အာမခံခဲ့ပြီး အစည်းအဝေး အစပိုင်းမှာတော့ ထိုင်ဝမ်ဟာ တရုတ်-အမေရိကန်ဆက်ဆံရေးမှာ အရေးကြီးတဲ့ ပြဿနာ ဖြစ်တာမို့ အန္တရာယ်ရှိလာနိုင်ကြောင်း သတိပေးလိုက်တာပါ။
.
အီရန်နဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းက ဒီဆွေးနွေးပွဲရဲ့ အဓိက အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ ထရမ့်နဲ့ ရှီ နှစ်ယောက်လုံးက ရေနံတင်ပို့မှုအတွက် အရေးကြီးတဲ့ ဟော်မုဇ် ရေလက်ကြားကို ဖွင့်ထားရမယ်လို့ သဘော တူခဲ့တဲ့အကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
.
ရှီကျင့်ဖျင်က ထရမ့်နဲ့ အတူပါလာတဲ့ အမေရိကန် စီးပွားရေးသမားတွေကိုလည်း ကြိုဆိုခဲ့ပါတယ်။ ထရမ့်ကလည်း တင်ကွတ်ခ်နဲ့ အီလွန်မက်စ်တို့ အပါအဝင် CEO တွေဟာ သူတို့ရဲ့လေးစားမှုကို ပြသဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ တရုတ်ကိုလာခဲ့တာလို့ ဆိုပါတယ်။
.
တစ်ဖက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမေရိကန်ရဲ့ ထိုင်ဝမ်ဆိုင်ရာမူဝါဒ က မပြောင်းလဲဘူးဆိုတဲ့အကြောင်း ဘေဂျင်းမှာ တရုတ်အရာရှိကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြောဆိုလိုက် ပါတယ်။
.
ကျွန်တော်တို့ရဲ့အမြင်အရ လက်ရှိအခြေအနေကို အင်အားသုံးပြီး ဖြေရှင်းတာဟာ နှစ်နိုင်ငံလုံးအတွက် မကောင်းဘူးလို့ NBC News နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျုးမှာ ရူဘီယိုက ပြောခဲ့ပါတယ်။
.
ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမယ့် အနာဂတ်အစီအစဉ်ကို အရင်က ဆွေးနွေးဖူးခဲ့ပေမဲ့ ဒီနေ့ဆွေးနွေးပွဲမှာတော့ အဓိက အကြောင်းအရာမဖြစ်ခဲ့ပါဘူး။
.
တရုတ်ကို ခရီးမထွက်ခင်တုန်းက ထရမ့်က ထိုင်ဝမ်ကို လက်နက်ရောင်းချရေးနဲ့ပတ်သက်ပြီး ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ပြောခဲ့ဖူးပါတယ်။
.
ဒီကိစ္စကို ကျွန်တော်တို့ဆွေးနွေးမှာပါ။ သမ္မတရှီကတော့ ကျွန်တော်တို့ကို မရောင်းစေချင်ဘူးလို့ ထရမ့်က တနင်္လာနေ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
.
#KBZTai #International #China #US
.

 

No comments:

Post a Comment

Pages