ကလေးငယ်တွေကို စာဖတ်တတ်အောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းများ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

ကလေးငယ်တွေကို စာဖတ်တတ်အောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းများ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.


,

ကလေးတွေကို စာဖတ်ပြဖို့ စောလွန်းတယ် ဆိုတာ မရှိပါဘူး။ မွေးကင်းစ ကလေးတွေကို စာဖတ်ပြတာက ဦးနှောက် ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပြီး ဘာသာစကား စွမ်းရည်၊ စာဖတ်နိုင်မှု တိုးတက်လာခြင်းနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေကို တိုးတက်စေတယ်လို့ တွေ့ရှိထားတာပါ။

.

စာ ဘယ်လိုဖတ်ပြမလဲ

ကလေးတွေကို စာဖတ်ပြတဲ့နေရာမှာ အသံနေ အသံထားကို တက်တက်ကြွကြွ အသုံးပြုဖို့ လိုပါတယ်။ ပုံပြင်ပြောသူ တစ်ယောက်လို ဖတ်ပြပေးခြင်းက ကလေးကို စာအုပ်အပေါ်မှာ စိတ်ဝင်စားမှု ရှိစေပါတယ်။ ကလေးက ဇာတ်လမ်းကို မသိသေးရင်တောင် ဖတ်ပြနေတဲ့ အသံထဲကနေပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ စတဲ့ ခံစားချက်တွေက ပုံတွေနဲ့ ဆက်စပ် နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

.

စာဖတ်ပြတဲ့ အခါမှာ စကားလုံးတိုင်းကို လက်ညှိုး ထိုးပြပါ။ ကလေးက စကားလုံးတွေကို နား မလည်သေးပေမယ့် စာမျက်နှာပေါ်က အက္ခရာ ပုံစံတွေဟာ ပြောနေတဲ့ စကားလုံးတွေနဲ့ ဆက်စပ်နေတယ် ဆိုတာကို နားလည်လာပါလိမ့်မယ်။

.

စာဖတ်တဲ့ အခါမှာ ဇာတ်လမ်းကိုပဲ တောက်လျှောက် ဖတ်တာမျိုး မဟုတ်ဘဲ ဇာတ်ကောင်တွေအတွက် အသံ အမျိုးမျိုး သုံးပြီး ပြောင်း ဖတ်ပေးရပါမယ်။ အဲဒါမှ ကလေးရဲ့ စိတ်ကူးဉာဏ် ဖွံ့ဖြိုးလာမှာပါ။

.

စာအုပ်တွေ များများထားပါ

ကလေးကို စာဖတ်တတ်အောင် သင်ပေးဖို့ ဆိုတာက ကိုယ့်ဆီမှာ စာအုပ်တွေ များများ ရှိနေဖို့ လိုပါတယ်။ ပုံပြစာအုပ်နဲ့ သင်ကြားရေးအတွက် ထုတ်ထားတဲ့ စာအုပ်တွေက လမ်းလျှောက်ကာစ ကလေးတွေအတွက် အသင့်တော်ဆုံးပါ။ အဖုံးမာတဲ့ စာအုပ်တွေကတော့ စာမျက်နှာ ထူတဲ့အတွက် ကလေးတွေ လွယ်လွယ်ကူကူ လှန်နိုင်ပါတယ်။

.

ကလေးတွေ နည်းနည်းကြီးလာတဲ့အခါ ကဗျာကိုမှ ကာရန်ပါတဲ့ စာအုပ်တွေ၊ အရုပ်ပါတဲ့ ပုံပြင်တွေနဲ့ သီချင်း ပါဝင်တဲ့ စာအုပ်တွေကို ပေးဖတ်ခိုင်းဖို့ ကြိုးစားပါ။

.

ကိုယ်တိုင်စာဖတ်ခြင်းနဲ့ နမူနာကောင်း ပြပါ

ဒါကတော့ ရှင်းပါတယ်။ ကလေးတွေက သင် စာဖတ်နေတာကို မြင်ရင် သူတို့လည်း စာ ဖတ်ချင်လာမှာပါပဲ။ တစ်နေ့ကို မိနစ် ၂၀ လောက် သူတို့ရှေ့မှာ စာထိုင်ဖတ်ပေးဖို့ ကြိုးစားပါ။ ကလေးက သင် ဘာလုပ်နေတာလဲလို့ မေးတဲ့အခါ ဖတ်နေတဲ့ စာအုပ်အကြောင်း ပြောပြနိုင်သလို၊ သူ့ကို စာ ဖတ်ချင်လာအောင်လည်း လှုံ့ဆော် ပေးလိုက်တာပါပဲ။

.

ကလေးတွေ စာဖတ်မယ့် နေရာ တစ်ခုကို သီးသန့် စီစဉ်ပေးထားတာက အကောင်းဆုံးပဲ ဖြစ်ပြီး အာရုံမပျံ့စေတဲ့ နေရာမျိူး ဖြစ်ဖို့ အရေးကြီးပါတယ်။ TV ဒါမှမဟုတ် သီချင်းသံတွေကို ပိတ်ထားဖို့ လိုပြီး ကစားချင်စိတ် ဖြစ်စေနိုင်တဲ့ ကစားစရာတွေကိုလည်း ဖယ်ထားတာ အကောင်းဆုံးပါ။

.

နောက်ဆုံးမှာတော့ ကလေးကို သင့်အတွက် စာဖတ်ပြခိုင်းပါ။ သူဖတ်နေတုန်း သူ မသိတဲ့ စကားလုံးတွေမှာ ရပ် သွားမယ်ဆိုရင် အဲဒီစကားလုံးကို ပြောပြပြီး ဆက်ဖတ်ခိုင်းပါ။ သူ မဖတ်နိုင်တဲ့ စကားလုံးတွေကို သင်က မှတ်ထားရမှာ ဖြစ်ပြီး မှန်ကန်စွာနဲ့ ဖတ်တတ်တဲ့အထိ ကူညီပေးရမှာ ဖြစ်ပါတယ်။

.

Source : Wikihow

.

#KBZTai #Shan #Knowledge #Kids

No comments:

Post a Comment

Pages