စစ်မီးလျှံတွေကြားက ဘောလုံးသမားတစ်ယောက်ရဲ့ အိပ်မက် (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 13, 2026

စစ်မီးလျှံတွေကြားက ဘောလုံးသမားတစ်ယောက်ရဲ့ အိပ်မက် (ဆောင်းပါး)



အသက် ၁၆ နှစ်အရွယ် မိုဟာမက် အီယက် ဆိုတဲ့ လူငယ်လေး တစ်ယောက်ရဲ့ ဘဝဟာ တစ်နေ့တည်းနဲ့ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။ မိဘတွေရဲ့အရိပ်အောက်မှာ အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက် အဖြစ် ရှင်သန်နေရာကနေ အသက်ကြီးနေပြီ ဖြစ်တဲ့ အဖွားကို တစ်ဦးတည်း ရှာကျွေးနေရတဲ့ မိသားစု ခေါင်းဆောင် ဖြစ်လာခဲ့တယ်။
.
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက မိုဟာမက် အတွက် ပုံမှန်မနက်ခင်း တစ်ခုပါပဲ။ မိုဟာမက် နဲ့ သူ့မိသားစုဟာ ဂါဇာမြောက်ပိုင်း ဂျာဘလီယာ ဒုက္ခသည်စခန်းမှာ မနက်စာ စားနေကြချိန်ပါ။ မနက်စာကတော့ ဒုက္ခသည်စခန်းမှာ ကျွေးတဲ့အတိုင်း အဆင်ပြေတယ် ဆိုရုံပါပဲ။ မိုဟာမက်တို့ မိသားစု နေအိမ်မှာ ရှိနေတုန်း အစ္စရေး စစ်လေယာဉ် တစ်စီးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ဖို့ အသံမပေးဘဲ ရောက်လာခဲ့ပါတယ်။ လေယာဉ်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် အိမ်တစ်ခုလုံး ပြိုကျသွားခဲ့ပြီး မိသားစုဝင်တွေ အားလုံး အပျက်အစီးတွေ အောက်ကို ရောက်သွားခဲ့ကြတယ်။
.

ကျွန်တော့် မိဘတွေ၊ ကျွန်တော့်အစ်ကို နှစ်ယောက်နဲ့ အေးအေးချမ်းချမ်းထို င်နေခဲ့တာပါ။ ခဏကြာတော့ အပျက်အစီးတွေအောက် ရောက်သွားပြီး ၁၀ မိနစ်လောက် ပိတ်မိနေခဲ့တယ်၊ ကျွန်တော် အဲဒီအောက်ကနေ လွတ်လာတော့ ကျွန်တော့်မိသားစု မရှိတော့ဘူး” လို့ မိုဟာမက် က ဆိုပါတယ်။

.
အဖွားဖြစ်သူက အပျက်အစီးတွေ ကြားကနေ မိုဟာမက် ကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပြီး နောက်ပိုင်းမှာ အသက်ရှူစက် တပ်ထားတဲ့ အခြေအနေနဲ့ အနီးအနားက အိမ်တစ်လုံးထဲမှာ မိုဟာမက် သတိ ပြန်ရလာခဲ့တာပါ။ အဆက်မပြတ် ဖြစ်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မိဘတွေနဲ့ အစ်ကို နှစ်ယောက်ကို နေအိမ်ဘေးမှာ ရှိတဲ့ မြေကွက် ခပ်သေးသေးတစ်ခုမှာ အလျှင်အမြန် မြုပ်နှံလိုက်ရပါတယ်။
.
အဲဒီတစ်ရက် အတွင်းမှာတင်ပဲ မိုဟာမက် ရဲ့ ဘဝက ကလေးကနေ လူကြီးနေရာကို‌ ရောက်သွားခဲ့ပြီး အဖွားအတွက် မီးမွှေးတာ၊ ရေသယ်တာ စတဲ့ အလုပ်တွေကို လုပ်ကိုင်ပေးရပါတော့တယ်။ အဲဒီ အခြေအနေတွေ၊ ခက်ခဲမှုတွေ ကြားမှာပဲ မိုဟာမက် အတွက် စိတ်ထွက်ပေါက် တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ဘောလုံး ကစားခြင်းပါပဲ။
.



စစ်မဖြစ်ခင် အချိန်တုန်းကတော့ မိုဟာမက် ဟာ အလားအလာ ရှိတဲ့ ဘောလုံးသမား တစ်ယောက်လို့ သတ်မှတ် ခံခဲ့ရပါသေးတယ်။ သူက ဂျာဘာလီယာ ဘောလုံးအသင်းရဲ့ လူငယ်ကစားသမား တစ်ယောက်ဖြစ်ပြီး စစ်ပွဲကြောင့် အသင်း ရပ်နားသွားခဲ့သလို အသင်းဖော် တလည်း အသက် ဆုံးရှုံးသွားခဲ့ကြပါတယ်။ ဒီ အခြေအနေတွေကြားမှာပဲ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်က ၂၀၀၉ ခုနှစ်ဖွား လူငယ်တွေအတွက် ပြိုင်ပွဲတစ်ခု စီစဉ်ပေးနိုင်ခဲ့ပြီး ဂါဇာမှာ အကောင်းအတိုင်း ကျန်နေတဲ့ မြေကွက် အနည်းငယ်ထဲက တစ်ခုမှာ ဘောလုံးပြိုင်ပွဲ လုပ်ပေးခဲ့တာပါ။

.
ဒီပြိုင်ပွဲက မိုဟာမက်ရဲ့စိတ်ဒဏ်ရာတွေကို ခဏတာ မေ့ပျောက်စေတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့် အသင်းဖော်တွေရဲ့ အဖေတွေ အစ်ကိုတွေက ကွင်းဘေးကနေ အားပေးနေကြတယ်။ ကျွန်တော့်မှာတော့ အားပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူး၊ သူတို့ကို အရမ်းလွမ်းတယ်” လို့ မိုဟာမက် က ဝမ်းနည်းစွာနဲ့ ပြောပါတယ်။
.
တကယ်တော့ မိုဟာမက်ရဲ့ အဖြစ်အပျက်က ဂါဇာရဲ့ အားကစားကမ္ဘာ ပျက်စီးသွားပြီဆိုတဲ့ သင်္ကေတ တစ်ခုလိုပါပဲ။ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ အချက်အလက်တွေအရ စစ်ပွဲအတွင်း အားကစားနဲ့ ဆက်နွယ်သူ ၁၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ပြီး ဘောလုံးသမားတွေ၊ နည်းပြတွေနဲ့ အုပ်ချုပ်ရေးမှုးတွေ အများအပြား ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အားကစားနဲ့ပတ်သက်တဲ့ အဆောက်အဦတွေလည်း ရာနဲ့ချီပြီး ပျက်စီးသွားခဲ့ရတာပါ။ အရင်တုန်းက မိုဟာမက် ကစားခဲ့တဲ့ ဂျာဘာလီယာ ဘောလုံးကွင်းတောင်မှ စစ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရပြီး လက်ရှိမှာတော့ ယာယီစစ်ဆေးရေးစခန်းအဖြစ် အသုံးပြုခံနေရတာပါ။
.
လက်ရှိ အချိန်မှာတော့ မိုဟာမက် တို့ဟာ ဘောလုံးကစားဖို့အတွက် အသက်ကိုတောင် ရင်းနေရပြီး ဘောလုံးကွင်းကို ရောက်ဖို့အတွက် တဲစခန်းတွေ၊ အပျက်အစီးတွေ ကြားကနေ ၃-၄ ကီလိုမီတာလောက် လျှောက်ရတာပါ။
.
ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူ တစ်ယောက်ဖြစ်တဲ့ စီယမ်ကတော့ လူငယ် ဘောလုံးသမားတွေဟာ အားကစားအပေါ် ချစ်မြတ်နိုးတဲ့ စိတ်ဓာတ် ရှိနေကြဆဲ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ လုံခြုံရေးအခြေအနေက အရမ်းအန္တရာယ်များတာပါ၊ ကစားသမား တစ်ယောက်ဟာ သူနေတဲ့နေရာကနေ ဘောလုံးကွင်းဆီ လမ်းလျှောက်သွားရုံနဲ့ ရုတ်တရက်ဆိုသလို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပါတယ်။ အကြောက်အလန့် ကင်းတဲ့ ကစားသမားတွေကြောင့်သာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ပြန်လည် စတင်နိုင်တာပါ” လို့ စီယမ်က ပြောပါတယ်။
.
ဂါဇာမှာ ရှိတဲ့ ဘောလုံးသမားတွေ ရုန်းကန်နေရတဲ့ အချိန်မှာ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်ရဲ့ အားပေးမှုကို မရတာကြောင့် ပါလက်စတိုင်း အားကစား တာဝန်ရှိသူတွေ စိတ်ပျက်နေကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျုးကျော်ချိန်မှာ ဖီဖာအနေနဲ့ ရုရှားအသင်းတွေကို ပိတ်ပင်မှုတွေ ပြုခဲ့ပေမယ့်လည်း လက်ရှိ အချိန်မှာတော့ အစ္စရေးအပေါ် အရေးယူမှုတွေ မလုပ်တာကြောင့် ပါလက်စတိုင်းဖက်က စိတ်ပျက်နေတာပါ။

.

ပါလက်စတိုင်းရဲ့ နိုင်ငံလက်ရွေးစင် ကစားသမား ဆူလိုင်မိန် လို ထင်ရှားတဲ့ ကစားသမားတွေ အသတ် ခံခဲ့ရတာတွေ၊ အစ္စရေး အခြေစိုက်အသင်းတွေက သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေတွေမှာ ယှဉ်ပြိုင်နေကြတာတွေ အပေါ် ဖီဖာရဲ့ အရေးယူမှု တစ်စုံတစ်ရာ မရှိတာက ပါလက်စတိုင်းတို့အတွက် နာကျင်စရာ ဖြစ်ခဲ့ပါတယ်။
.
ပါလက်စတိုင်း အနေနဲ့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို စောင့်မျှော်နေရချိန်မှာ မိုဟာမက် တို့လို လူငယ်တွေကတော့ ဘောလုံးအားကစားကို ဆက်လက် ဖက်တွယ်ထားကြပါတယ်။ ကျွန်တော် တစ်ယောက်တည်း ဆက်ပြီး ရှင်သန်နေရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး” လို့ မိုဟာမက်က ပြောပါတယ်။

.
ဘောလုံးကွင်းပေါ် ခြေချလိုက်တဲ့အချိန်တိုင်းမှာ သူ့ဖခင်ရဲ့အိ ပ်မက်ကို ဆက်ပြီး အသက်သွင်းနေတယ်လို့ မိုဟာမက် တစ်ယောက် ခံစားနေရဆဲပါ။ အခု ကျွန်တော့်ရဲ့အိပ်မက်က နာမည်ကြီး ပရိုဘောလုံးသမား တစ်ယောက် ဖြစ်ချင်တာပါ” လို့ အသက် ၁၆ နှစ်အရွယ် လူငယ်လေးက ခပ်တိုးတိုးပြောပါတယ်။

.



ဒါက ကျွန်တော့်ရဲ့အိပ်မက်လည်း ဖြစ်သလို အဖေနဲ့အမေ့ရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်၊ အဖေက ဘောလုံး အသင်းမှာ ကျွန်တော့်ကို စာရင်းသွင်းပေးတဲ့သူ ဖြစ်ပြီး အမေကတော့ ကျွန်တော့်ကို အမြဲ အားပေးခဲ့တဲ့သူပါ” လို့ မိုဟာမက်က မျက်ရည်တွေဝဲရင်း ခပ်တိုးတိုးလေး ပြောလိုက်ပါတော့တယ်။

No comments:

Post a Comment

Pages