.
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ
Peter ဘားဆိုင်တွင် ယမန်နေ့ မေလ ၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ်တစ်ဦး
ဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူမှာ ယင်းဘားဆိုင်တွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့်
အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦးဖြစ်ပြီး မျက်နှာ၊ လက်နှင့် ဝမ်းဗိုက် တို့တွင်
ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“လူနာကတော့ ရင်ခွဲရုံကို ရောက်နေတယ်။ မနက်ဖြန်မှ
ရင်ခွဲစစ်ဆေးမှု လုပ်မှာပါ။ ရောက်ကတည်းက အသေ ရောက်လာတာပါ။ မနက်ဖြန် ရင်ခွဲပြီးမှ
တိတိကျကျ (သေဆုံးရသည့်အကြောင်းအရင်း) အဖြေ သိပါမယ်” ဟု စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကမ္ဘောဇတိုင်းမှ စုံစမ်းသိရှိချက်အရ ယမန်နေ့ မေလ
၄ ရက် ညပိုင်းက အဆိုပါ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် သေဆုံးသူ အမျိုးသမီးငယ်အား
စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား
ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ
ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကျူးလွန်သူ အောင်မျိုးသူမှာ ယနေ့ မေလ ၅ ရက်၊ နံနက်ပိုင်းတွင်
ဆိုင်မှ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာ သွားသဖြင့် ၎င်းအား ဖမ်းဆီးရမိနိုင်ရေးအတွက်
တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှူးအား
ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်း ရာတွင် သတင်းထုတ်ပြန်၍ မရသေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
.

No comments:
Post a Comment