မုန့်ပို့သူ အယောင်ဆောင်ပြီး ဝင်ဖမ်းခဲ့ရတဲ့ ပတ္တရားက ကြေးကြီး တရုတ်ဖဲဝိုင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 14, 2026

မုန့်ပို့သူ အယောင်ဆောင်ပြီး ဝင်ဖမ်းခဲ့ရတဲ့ ပတ္တရားက ကြေးကြီး တရုတ်ဖဲဝိုင်း

 


ထိုင်းနိုင်ငံ၊ ပတ္တရားမြို့နားမှာ ရှိတဲ့ နောင်ပရူရပ်ကွက်က ဇိမ်ခံအိမ် တစ်လုံးမှာ ကြေးကြီးတရုတ် ဖဲဝိုင်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ည ၁၂ နာရီ ဝန်းကျင်မှာ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ ပူးပေါင်းပြီး ဒီနေရာကို ဝင်ရောက် စီးနင်းဖို့ ဖြစ်လာခဲ့တာပါ။ ရဲမေတစ်ဦးက မုန့်ပို့တဲ့သူ အယောင်ဆောင်ပြီး သူ့ရဲ့အနောက်မှာ ရဲတွေ လိုက်ပါ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် အပေါက်မှာ စောင့်နေသူက အော်လိုက်တာကြောင့် ပြတင်းပေါက်က ခုန်ချ ပြေးသူတွေ ရှိခဲ့ကြပါတယ်။
.
အိမ်ထဲမှာ စုစုပေါင်း လူဦးရေ ၁၆ ယောက် ရှိနေပြီး အားလုံးက တရုတ်လူမျိုးတွေ ချည်းပါ။ ဝင်ရောက် စီးနင်းမှုကြောင့် ပြတင်းပေါက်ကနေ ခုန်ချခဲ့တဲ့ အမျိုးသား ၃ ဦးက ဒဏ်ရာ ရသွားခဲ့ပြီး အရေးပေါ်ကုသမှု ခံယူခဲ့ရသလို အောက်မှာ စောင့်နေတဲ့ ရဲတွေရဲ့ ဖမ်းဆီးမှုကိုလည်း ခံလိုက်ရတာပါ။
.
နေအိမ်ထဲမှာတော့ ကျန်ရစ်သူ အမျိုးသားနဲ့ အမျိုးသမီး ၁၃ ဦး ရှိနေပြီး အိမ်ထဲက အခန်း ၃ ခန်းမှာ ဖဲကစားနေတဲ့ စားပွဲတွေ၊ ကာစီနိုတွေမှာ အသုံးပြုနေတဲ့ ချိပ်စ်ပြားတွေ၊ ငွေသားတွေ၊ အစားအသောက်တွေနဲ့ ပြင်ဆင် ထားတာကို တွေ့ခဲ့ရတာပါ။
.
ချောင်ဘူရီ လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ တာဝန်ရှိသူ တစ်ယောက်ကတော့ ဒီနေအိမ်ကနေ ဘတ်ငွေ တစ်သိန်းခန့်နဲ့ တန်ဖိုး သန်းချီတန်တဲ့ ချိပ်စ်ပြားတွေ၊ လောင်းကစားဆိုင်ရာ ပစ္စည်းတွေကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစီးနင်းမှုက ဒေသခံတွေရဲ့ တိုင်ကြားမှုအပေါ် အခြေခံ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တရုတ်ခရီးသွား အများအပြားက ဒီအိမ်ကို ဝင်ရောက်နေတဲ့ အကြောင်း သတင်းပေးခဲ့ကြတာပါ။
.
ဒီဒေသထဲမှာပဲ မကြာသေးခင် အချိန်က တရုတ်နိုင်ငံသား တစ်ဦးကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းမိထားတာကြောင့် ဒေသခံတွေက တရုတ်တွေဆိုရင် သတိထားပြီး စောင့်ကြည့်နေတဲ့အထိ ဖြစ်လာကြတာပါ။ လက်ရှိမှာတော့ ပါဝင်သူ အားလုံးကို ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

Pages