.
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်
.
အမေရိကန်နဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲရေးကို ရက်
၆၀ အထိ တိုးချဲ့ပြီး စစ်ပွဲအဆုံးသတ်နိုင်ဖို့ ဆွေးနွေးပွဲစတင်ဖို့အတွက်
ယာယီသဘောတူညီမှုတစ်ခု ရရှိထားတဲ့အကြောင်း အမေရိကန် စစ်ဖက်က ထုတ်ပြန်ထားပါတယ်။
ဒီသဘောတူညီမှုနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်သာ ကျန်တော့ပြီး
ထရမ့်ဖက်က မီးစိမ်းပြလိုက်ပြီဆိုတာနဲ့ သဘောတူညီချက်က အတည်ဖြစ်သွားမှာပါ။
.
လက်ရှိမှာတော့ အပစ်အခတ်ရပ်စဲရေးက သတ်မှတ်ရက်
မရှိဘဲ ဆက်လက်ရှိနေဆဲဆိုပေမဲ့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတချို့ကိုတော့
ပြုလုပ်နေကြဆဲပါ။
.
ဒီယာယီသဘောတူညီချက်က အီရန်နဲ့အမေရိကန်အကြား
အသေးစားပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး အပစ်ရပ်ရေးအခြေအနေတွေ
ပျက်ပြားသွားနိုင်တဲ့အနေအထား ဖြစ်သွားပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တာပါ။ မေလ ၂၈
ရက်အထိ အမေရိကန်နဲ့ အီရန်ကြားမှာ အသေးစားပစ်ခတ်မှုတွေက ဆက်လက်ရှိနေခဲ့တာပါ။
.
ဒီ သဘောတူညီချက်ထဲမှာ ဟော်မုဇ်ရေလက်ကြားကို
ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ကန့်သတ်မှု မရှိဘဲ သွားလာခွင့်ပေးမယ့်အကြောင်း
ပါရှိပြီး အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ ရေတပ်ပိတ်ဆို့မှုကို
ရုပ်သိမ်းပေးသွားမယ်လို့ ပါရှိပါတယ်။
.
အီရန်ဖက်ကတော့ ဟော်မုဇ်ရေလက်ကြားဟာ အီရန်နဲ့
အိုမန်ရဲ့ပိုင်နက်ရေပြင်တွေကို ဖြတ်သန်းနေတာ ကြောင့်
နှစ်နိုင်ငံပူးတွဲစီမံခန့်ခွဲမှုပေးဖို့ တောင်းဆိုထားပေမဲ့လည်း အမေရိကန်ဖက်ကတော့
လက်မခံခဲ့ပါဘူး။
.
ထရမ့်ကတော့ အီရန်နဲ့ပတ်သက်ပြီး
ရှင်းလင်းတဲ့တောင်းဆိုချက် ၃ ခုပဲရှိတဲ့အကြောင်း ပြောထားပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့၊ သန့်စင်ပြီးသားယူရေနီယံတွေ
စုဆောင်းထားတာကို လက်လွှတ်ဖို့နဲ့ နျူကလီးယားအစီအစဉ်တွေကို အဆုံးသတ်ဖို့
ပြောဆိုထားတာပါ။
.
အီရန်ဖက်ကတော့ သဘောတူညီချက်ရဖို့
နီးစပ်လာပြီဆိုတဲ့အကြောင်း ဒေသခံမီဒီယာတွေမှာ ဖော်ပြနေတာ ကို တွေ့ရပြီး
စာချုပ်အပြီးသတ်တဲ့အချိန်မှာ ကြားဝင်ဖြေရှင်းပေးနေတဲ့ ပါကစ္စတန်ကိုရော
ပြည်သူတွေကိုပါ ကြေညာမှာဖြစ်တယ်လို့ ဖော်ပြနေပါတယ်။
.
အီရန်က နျူကလီးယားအစီအစဉ်တွေကို အဆုံးသတ်ဖို့၊
ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ကိစ္စတွေမှာ သဘောတူနေပေမယ့် ယူရေနီယံ
ကိစ္စကိုတော့ စွန့်လွှတ်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း တောင်းဆိုနေဆဲပါ။
နျူကလီးယားမပြန့်ပွားရေးစာချုပ်အောက်မှာ ယူရေနီယံလုပ်ပိုင်ခွင့်ရှိတယ်လို့
အီရန်ဖက်က အခိုင်အမာ ပြောနေပေမဲ့လည်း ထရမ့်ကတော့ နျူကလီးယားအစီအစဉ်တစ်ခုလုံး
ဖျက်ဖို့ဆိုရင် ယူရေနီယံကိုပါ စွန့်လွှတ်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
.
Source : BBC
.

No comments:
Post a Comment