.
“ကျွန်တော့်မီတာကို လိပ်စာမတူဘူး၊ လျှပ်စစ်ဥပဒေနဲ့ မညီဘူး ဆိုပြီးတော့ လာဖြုတ်သိမ်းပါတယ်။ သိမ်းပြီး နောက် ၂ ရက်လောက်မှာ ရုံးကိုခေါ်ပြီး ဒဏ်ငွေ ၃ သိန်း ရိုက်ပါတယ်။ ကျွန်တော့်ပါဝါမီတာက အဖေနာမည် နဲ့ပါ။ အဲဒါကို အဖေကပေးတော့ လမ်းပဲခြားတာပါ။ လိပ်စာပြောင်းလို့ဆိုပြီး သိမ်းတာပါ။ ပြောင်းတုန်းက လည်း လျှပ်စစ်က မီတာစာရေးတွေ ပါပါတယ်။ လင်းသီဟက အရင်မန်နေဂျာ ကိုယ်တိုင် ပြောင်းပေးထား တာပါ” ဟု အေးသာယာ စက်မှုဇုန်နေ မီတာသိမ်းဆည်းခံရသူ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ မီတာသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ သိမ်းဆည်းခံရသူများက ယနေ့ မေလ ၁၄ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်း တင်ပြ တိုင်ကြားထားကြောင်း သိရသည်။
.
ထို့အပြင် လိပ်စာ၊ အမည်ပေါက် မှန်ကန်သော်လည်း အသုံးပြုမှုမရှိ၊ ယူနစ်မတက်သည့် မီတာများကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း အခြား ဒေသခံတစ်ဦးက ပြောသည်။
.
“လင်းသီဟက လာဖြုတ်သိမ်းတာပါ။ တချို့ ပါဝါမီတာတွေက မသုံးဘဲထားတဲ့သူတွေရှိတယ်။ မသုံးတာ ကြာလို့ဆိုပြီး လာဖြုတ်သိမ်းတာပါ။ အဲဒီလို လာဖြုတ်သိမ်းတဲ့အခါမှာလည်း ပိုင်ရှင်တွေကို မပြောဘဲနဲ့ အတင်းအဓမ္မ လာရောက်ဖြုတ်သိမ်းတဲ့ ပုံစံမျိုးပါပဲ။ စက်ရုံက မီတာတွေက မသုံးတာ ၃ နှစ်လောက်ရှိပြီ။ မသုံးတော့ ထုံးဖို လျှပ်စစ်ရုံးက ကြိုးကို ဖြုတ်ထားပေးတယ်။ လင်းသီဟက အဲဒါကို မသိဘူး၊ ဖြုတ်သိမ်းမယ် လို့ ပြောပါတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီမှ ဦးနေမျိုးအောင် အား သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် လျှပ်စစ်ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ မီတာကို နေရာပြောင်းရွှေ့တပ်ဆင် ၍ မရကြောင်းနှင့် လက်ရှိ သိမ်းဆည်းခဲ့သော မီတာများမှာ မူလနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့တပ်ဆင် သုံးစွဲနေသည့် မီတာများဖြစ်ကြောင်း၊ မီတာသည် လူပုဂ္ဂိုလ်ကို ပေးခြင်းမဟုတ်ဘဲ နေရာကို ပေးခြင်းသာဖြစ် ကြောင်း ပြန်လည်ရှင်းလင်းပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ မီတာကို နေရာပြောင်းရွှေ့တပ်ဆင်ထားသဖြင့် မီတာဖတ်စာရေးက သတ်မှတ်နေရာတွင် မီတာ မတွေ့ရှိပါက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းရပြီး သုံးစွဲသူ အနေဖြင့် ဥပဒေအရ အရေး ခံရမည်ဖြစ်သည့် အတွက် နစ်နာမှု မရှိစေရန် လိပ်စာပြောင်းရွှေ့ထားသော မီတာများကို ပြီးခဲ့သည့် မတ်လကုန်အပြီး အကြောင်းကြား အပ်နှံရန် သတိပေးစာများ ပေးပို့ခဲ့ပြီး လိုက်နာခြင်းမရှိသည့်အတွက် မီတာ ဖြုတ်သိမ်း ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
.
“မီတာတွေ ပြောင်းရွှေ့တဲ့အခါမှာ အကျင့်ပျက် လျှပ်စစ်ဝန်ထမ်းတချို့ ပါကောင်း ပါနိုင်ပါတယ်။ အဂတိ ဥပဒေအရဆိုရင် သုံးစွဲသူကော၊ အကျင့်ပျက်ဝန်ထမ်းပါ နှစ်ဦးနှစ်ဘက်လုံး အပြစ်ရှိပါတယ်။ အဲဒီ မှားခြင်း မှန်ခြင်းတွေ နောက်ထား၊ မီးတာ ပြောင်းရွှေ့ထားမိရင် ၃ လပိုင်းအတွင်းမှာ အကြောင်းကြားပါ။ ကျွန်တော် တို့ ဒဏ်ကြေးမရိုက်ဘူး။ လာရောက်ဖြုတ်သိမ်းပေးမယ်။ ပြီးမှ နေရာအမှန်၊ လူပုဂ္ဂိုလ်အမှန်နဲ့ မီတာ ပြန်လျှောက်ပါလို့ အချိန်ပေးခဲ့ပါတယ်။ ၄ လပိုင်းမှာစပြီး ဖမ်းမယ်လို့ နို့တစ်စာပေးပြီး ၅ လပိုင်းမှ ဝင်ဖမ်း တာပါ” ဟု ဦးနေမျိုးအောင်က ပြောသည်။
.
ထို့အပြင် ယူနစ်မတက်သော မီတာများကို သိမ်းဆည်းခြင်းမှာလည်း လျှပ်စစ်ဥပဒေအရ မီတာကို အသုံး မပြုပါက ပြန်လည်အပ်နှံရမည်ဖြစ်ပြီး လုပ်ငန်း ပြန်လည် လည်ပတ် အသုံးပြုမှသာ မီတာ ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လတ်တလော အေးသာယာစက်မှုဇုန်တွင် စည်းကမ်းချက်နှင့် မညီ၍ ဖြုတ်သိမ်းရသည့် ပါဝါမီတာ အလုံး ၃၀၊ အိမ်သုံးမီတာ ၁၅ လုံး၊ စုစုပေါင်း ၄၅ လုံး ရှိပြီဖြစ်ကြောင်း ၎င်း ထံက သိရသည်။
.
လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီသည် တောင်ကြီးမြို့နှင့် အေးသာယာမြို့တို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက စ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပဋိဉာဉ်စာချုပ် ချုပ်ဆို၍ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #AyeTharYar
.

.jpg)

No comments:
Post a Comment