ကျိုင်းတုံတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 13, 2026

ကျိုင်းတုံတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ဓားပြတိုက် ခံရပြီးနောက် သေနတ်ဖြင့်ပါ ပစ်ခတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့၊ နောင်ခိုက်ရပ်ကွက်နေ ရွှေဆိုင်ပိုင်ရှင် စိုင်းယီတစ် ဆိုသူသည် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က ကျိုင်းတုံမြို့မဈေးမှ ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ နောင်ခိုက်ရှိ ၎င်းနေအိမ်သို့ ပြန်လာစဉ် အိမ်ရှေ့ အရောက်တွင် အမည်မသိ အမျိုးသား ၄ ဦးက PAJERO အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် စိုင်းယီတစ် မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ယာဉ်ပေါ်ရှိ ရွှေထည်ပစ္စည်းများကို လုယူ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
.
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စိုင်းယီတစ် တွင် နားထင် နှင့် ဝမ်းဗိုက်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ရုပ်အလောင်းအား နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် ဓားပြမှု တရားခံနောက် လိုက်နေ၍ ဖြေဆို၍ မရသေးကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းကလည်း ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား တစ်ဦးအား ဓားဖြင့် ခုတ်၍ ဆိုင်ကယ်လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ကျိုင်းတုံမြို့နယ်အတွင်း ဆိုင်ကယ် ခိုးယူမှု၊ လုယက်မှုအပြင် အခြား ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

No comments:

Post a Comment

Pages