အင်းလေးကန်ရှိ နုန်းမြေစုပ်စက်ကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

အင်းလေးကန်ရှိ နုန်းမြေစုပ်စက်ကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေး


၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ငွေကျပ်သိန်း ၁၀၀၀၀ ဖြင့် ဝယ်ယူပြီးနောက် အသုံးမပြုနိုင်တော့ဘဲ ပျက်စီးနေသည့် နုန်းမြေစုပ်စက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်ဟု သိရသည်။

.

“ ဝန်ကြီးက ခေါ် တွေ့တယ်၊ အဲဒီစက်ကို ဘယ်လိုလုပ်မလဲဆိုတာကို အကြောင်း ပြန်ကြားမယ်လို့ ပြောတယ်။ စက်ကို နေရာတော့ မရွှေ့သေးဘူး၊ သူတို့လည်း လုပ်ရကိုင်ရ ခက်တဲ့ အနေအထားလေးတွေ ရှိတယ်။ ဘတ်ဂျက်ရေးဆွဲရမှာနဲ့ နောက်ဆုံး ပြန်ပြင်ဖို့ ခက်ရင်လည်း ရိုးရိုးစက်အသစ်ကို ပြန်ပြောင်းရမှာပေါ့။” ဟု Save the Inle Lake မှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။

.



ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေအင်းသားတိုင်းရင်းသားလူမျိူးရေးရာ ဝန်ကြီး ဒေါ်တင်တင်ရီတို့သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်စဉ် နုန်းမြေစုပ်စက်ကို ကြည့်ရှု စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ နုန်းမြေစုပ်စက်အား ပြန်လည် ပြုပြင်မည်ဆိုပါ ခန့်မှန်း ကုန်ကျစရိတ် အနည်းဆုံး ငွေကျပ်သိန်း ၅၀၀၀ နှင့်အထက် ကုန်ကျမည် ဖြစ်ကာ လိုအပ်သော ပစ္စည်းများကိုလည်း ပြည်ပမှ တင်သွင်းရမည် ဖြစ်၍ အခက်အခဲ ရှိနေသည်ဟု သိရသည်။

.

“ သက်ဆိုင်ရာဌာနတွေကို ဒီစက်နဲ့ ပတ်သက်ပြီး အသေးစိတ် အစီရင်ခံစာ တင်ပြဖို့ ဝန်ကြီးက ညွှန်ကြားထားတယ်။ ပြန်ပြင်ဖို့က အခက်အခဲလေးတွေ ရှိနေတယ်။ စက်ပြင်ပြီးရင်တောင် အင်းလေးကန် အောက်ခြေမှာက နုန်းတွေထဲမှာ ပုလင်းကွဲတွေလိုမျိုးတွေ ရှိနေတော့ ဒီစက်နဲ့က အဆင်မပြေနေဘူး။ ဒါကြောင့် တခြား အသုံးပြုလို့ရမယ့် စက်အသစ်တွေ ဝယ်ရင်လည်း ဝယ်နိုင်တယ်ပေါ့။ ဒီပျက်နေတဲ့ စက်ကြီးကို ဘယ်လို လုပ်မလဲဆိုတာ စီစဉ်နေကြပါတယ်။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.



အဆိုပါ နုန်းမြေစုပ်စက်ကြီးကို ၂၀၁၆ ခုနှစ်က ကာလတန်ဖိုးငွေကျပ် သိန်း ၁၀၀၀၀ အကုန်အကျခံကာ ပြည်ပမှ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းနှစ် မတ်လ ၂၈ ရက်တွင် အင်းလေးကန်အတွင်းသို့ ရောက်ရှိလာပြီးနောက် အသုံးမပြုရသေးဘဲ အကြောင်းအမျိုးမျိုးကြောင့် အသုံးပြု၍ မရတော့သည်ထိ ပျက်စီးသွားခြင်း ဖြစ်သည်။

.

လက်ရှိ အင်းလေးကန် အခြေအနေမှာ နွေရာသီတွင် ရေခမ်းခြောက်မှုဒဏ်ကို ခံနေရသည့်အပြင် မိုးရာသီတွင်လည်း ရေကြီးမှုဒဏ်ကိုပါ ခံနေရကာ အင်းလေးကန် တိမ်ကော ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေရလျက် ရှိကြောင်း သိရသည်။

.

#KBZTai #Shan #Inle  #News

No comments:

Post a Comment

Pages