ကွန်ဂိုမှာ အီဘိုလာအတည်ပြုလူနာ ၂ ဆ နီးပါး ခုန်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

ကွန်ဂိုမှာ အီဘိုလာအတည်ပြုလူနာ ၂ ဆ နီးပါး ခုန်တက်

.

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

.

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒ်ရို့စ် ကွန်ဂို ကို ရောက်သွားပြီး ရက်ပိုင်းအတွင်းမှာပဲ ကွန်ဂိုမှာ အီဘိုလာ အတည်ပြုလူနာ ၂ ဆ နီးပါး တိုးလာခဲ့ပါတယ်။

.

.

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ၁၂၀ ကျော်သာ ရှိနေသေးတဲ့ ကွန်ဂိုရဲ့ အီဘိုလာကူးစက်ခံရသူစာရင်းဟာ တက်ဒ်ရို့စ်ရောက်ရှိသွားချိန်မှာတော့ ၂၀၀ ကျော်သွားခဲ့တာပါ။

.

ကွန်ဂိုနိုင်ငံတွင်းမှာတော့ အီဘိုလာ ပျံ့နှံ့မှုနှုန်းက ဆက်လက်မြင့်မားနေပြီး သံသယလူနာ ၁၀၀၀ ကျော်နေပြီဖြစ်သလို သေဆုံးမှုနှုန်းကလည်း ၂၀၀ ကျော်ကို ရောက်ရှိလာနေတာပါ။

.

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကွန်ဂိုနိုင်ငံရဲ့အခြေအနေကို ကမ္ဘာ့အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် သတ်မှတ်ထားပြီး မှတ်တမ်းတင်ထားသမျှ အီဘိုလာ ကူးစက်မှုတွေထဲမှာ အမြန်ဆုံးကူးစက်မှုလို့ အတည်ပြုခဲ့တာပါ။

.

ဒီ ဗိုင်းရပ်စ်က အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူဂန်ဒါ မှာပါ ပျံ့နှံ့နေပြီး အတည်ပြုလူနာ ၉ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိနေခဲ့ပါပြီ။

.

တက်ဒ်ရို့စ် ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကွန်ဂိုအစိုးရကို ပူးပေါင်းကူညီနေတဲ့ အကြောင်းနဲ့ လူထုပါဝင်ကူညီမှုကလည်း အရေးကြီးတာမို့ အတူဖြေရှင်းကြဖို့ လိုတဲ့အကြောင်း ပြောထားပါတယ်။

.

ကွန်ဂိုနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အီဘိုလာကူးစက်မှုက ဘွန်ဒီဘူဂိုဗိုင်းရပ်စ် ကြောင့်ဖြစ်ပြီး ဒီဗိုင်းရပ်စ်ဟာ ရှားပါးသလို ပြင်းထန်တဲ့ အီဘိုလာမျိုးကွဲဖြစ်တယ်လို့ WHO က အတည်ပြုထားပြီး လက်ရှိအချိန်အထိ ကာကွယ်ဆေးရော၊ ကုသနည်းရော မရှိသေးတဲ့အကြောင်းကိုလည်း ကြေညာထားတာပါ။

.

ရောဂါကူးစက်မှုတွေ အလျင်အမြန်ဖြစ်ပွားနေချိန်မှာ ဥရောပယူနီယံ (EU) က ကွန်ဂိုနိုင်ငံအတွင်းကို ဆေးဖက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေ ပေးပို့ခဲ့ပြီး အမေရိကန်ကလည်း ဒေါ်လာ ၁၁၂ သန်း လှူဒါန်းမယ်လို့ ကတိပေးထားပါတယ်။

.

အီဘိုလာ ကူးစက်ခံရသူတွေထဲက ပြန်လည်ကောင်းမွန်လာသူ တစ်ဦးသာ ရှိနေသေးပြီး အီဘိုလာ ရောဂါကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးတဲ့ ကွန်ဂိုအနေနဲ့ ဒီတစ်ကြိမ်မှာလည်း ရောဂါကို ထပ်ပြီး ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေတဲ့အကြောင်း တက်ဒ်ရို့စ်က ပြောဆိုထားပါတယ်။

.

Source – CNN

.

No comments:

Post a Comment

Pages