နေ့လယ်ပိုင်း အရက်ရောင်းချမှု ပိတ်ပင်ချက်ကို ထိုင်းအစိုးရ ပယ်ဖျက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

နေ့လယ်ပိုင်း အရက်ရောင်းချမှု ပိတ်ပင်ချက်ကို ထိုင်းအစိုးရ ပယ်ဖျက်

.

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

.

ထိုင်းနိုင်ငံမှာ ၅၄ နှစ်ကြာ ပိတ်ပင်ထားခဲ့တဲ့ နေ့လယ်ပိုင်းအရက်ရောင်းချမှု တားမြစ်ချက်ကို ထိုင်းအစိုးရ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့အပေါ် အရင်ဆုံး ချီးကျုးစကား ပြောသူတွေက ထိုင်းနိုင်ငံဘီယာကူးသန်းရောင်းဝယ်ရေး အဖွဲ့ပဲဖြစ်ပြီး ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဆီကို စတင်လာတဲ့ ခြေလှမ်းတစ်ခုလို့ ဆိုလိုက်တာပါ။

.

.

ထိုင်းနိုင်ငံရဲ့ယမကာထိန်းချုပ်ရေးကော်မတီက မေလ ၂၉ ရက် သောကြာနေ့ကနေစပြီး အရက်ရောင်းချ နိုင်တဲ့ အချိန်ကို မနက် ၁၁ နာရီကနေ ည ၁၂ နာရီအထိ သတ်မှတ်လိုက်တယ်လို့ ကြေညာခဲ့တာပါ။ ထိုင်းနိုင်ငံဟာ အစိုးရဝန်ထမ်းတွေ အလုပ်ချိန်အတွင်း အရက်သောက်စားခြင်းကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ အရက်ရောင်းချခွင့် ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီစည်းမျဉ်းကို ၁၉၇၂ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။

.

ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ၊ လိုင်စင်ရဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ဟိုတယ်တွေလို နေရာမျိုးမှာ တော့ တစ်နေကုန်အောင် ရောင်းချခွင့်ရှိတာမို့ နေ့လယ်ပိုင်းအရက်ရောင်းချခွင့် ပိတ်ပင်မှုဟာ သိပ်ပြီး သက်ရောက်မှု ရှိတာမျိုးလည်း မဟုတ်ခဲ့ပြန်ပါဘူး။

.

ထိုင်းနိုင်ငံဘီယာကူးသန်းရောင်းဝယ်ရေးအဖွဲ့ရဲ့အတွင်းရေးမှုး ဟီမာတတ် ကတော့ “ဒီစည်းမျဉ်းကြီးက ဖျက်သင့်တာကြာပါပြီ။ လက်တွေ့မှာ ရပ်ကွက်တွေထဲက ဆိုင်လေးတွေက ပိတ်ပင်ထားတဲ့အချိန် အတွင်းမှာ လည်း တိတ်တဆိတ်အရက်ရောင်းနေကြတာပဲလေ။ ဒီပြောင်းလဲမှုကြောင့် စားသောက်ဆိုင်တွေနဲ့ အဖျော် ယမကာရောင်းချတဲ့ လုပ်ငန်းတွေက လုပ်ငန်းတိုးတက်မှုနှုန်း ပိုမြင့်လာကြပါလိမ့်မယ်” လို့ဆိုပါတယ်။

.

ဒီလိုဖျက်သိမ်းမှု မပြုလုပ်ခင်မှာ ထိုင်းအာဏာပိုင်တွေက ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ မေလအထိ ရက်ပေါင်း ၁၈၀ ကြာ နေ့လယ်ပိုင်း အရက်ရောင်းချမှုပိတ်ပင်ချက်ကို လျှော့ပေါ့ပေးတဲ့ ကာလတစ်ရပ် အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အပြီးသတ်ဖျက်သိမ်းမှု ပြုလုပ်ခဲ့တာပါ။

.

ရက်ပေါင်း ၁၈၀ ကြာ စမ်းသပ်ကာလအတွင်း နေ့လယ်ပိုင်းဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ ရောင်းအားက ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး လက်ရှိမှာလည်း ဆက်လက် တိုးတက်လာလိမ့်ဦးမယ်လို့ စီးပွားရေးပညာရှင်တွေကသုံးသပ်ထားပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages