.
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်
.
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ အသက် ၁၇
နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ
လိမ်လည်ခေါ်ဆောင်ခံရပြီး မေလ ၁၀ ရက်က ပျောက်ဆုံးနေကြောင်း သိရသည်။
.
.ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး၊
လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာအုပ်စု၊ ပျံချီကျေးရွာနေ မခင်သီတာစန်း ဆိုသူဖြစ်ပြီး
၎င်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ တစ်ဆင့် မူဆယ်တွင် လစာများသည့်အလုပ် ရမည်ဟုဆိုသဖြင့်
အလုပ်လုပ်ကိုင်ရန် မူဆယ်မြို့သို့ သွားရောက်ပြီး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“ရန်ကုန်က အထည်ချုပ်စက်ရုံမှာ သွားဆင်းနေရင်းနဲ့
ပျောက်သွားတာပါ။ သူ့သူငယ်ချင်းတွေနဲ့ ဖုန်းကနေ မူဆယ်ကို ရောက်သွားပြီလို့ ပြောပါတယ်။
အစ်မတစ်ယောက်နဲ့ လိုက်သွားတာ။ သူ့ကို တရုတ်ပြည်မှာ စက်ရုံ အလုပ်ဆင်းဖို့ ခေါ်သွားတာလို့
ပြောပါတယ်။ အဲဒီကနေ အဆက်အသွယ်မရတော့တာ ၄ ရက် ရှိပါပြီ။ လပွတ္တာ ရဲစခန်းမှာလည်း တိုင်ထားပါတယ်။
လူကုန်ကူးအဖွဲ့နောက်ကို ပါသွားပြီလို့ ထင်ပါတယ်” ဟု ပျောက်ဆုံးနေသည့် မိန်းကလေးငယ်၏
မိခင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိန်းကလေးငယ်သည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင်
အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ပြီး မလီလီ ဆိုသူ အမျိုးသမီးတစ်ဦးက မူဆယ်မြို့ရှိ
စက်ရုံတွင် ရန်ကုန်ထက် လစာ ကောင်းသည်ဟု ဆိုသဖြင့် အလုပ်လုပ်ကိုင်ရန် လိုက်ပါသွားခြင်းဖြစ်ကြောင်း
သိရသည်။
.
မိန်းကလေးငယ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မူဆယ်မြို့ရှိ
မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေး အသင်း တာဝန်ရှိသူကလည်း “ကောင်မလေးက ဘယ်နေရာမှာ
ရှိနေတယ်ဆိုတာ ကျွန်တော်တို့လည်း မသိ နိုင်တဲ့အတွက် လပွတ္တာက လူကုန်တားရုံးကိုသွားပြီး
တိုင်ချက်ဖွင့်ပါလို့ သူ့မိသားစုကို ပြောထားပါတယ်။ သူတို့ အမှုဖွင့်ပြီး မူဆယ်က လူကုန်တားကိုရောက်ရင်
ကျွန်တော့်ဘက်ကလည်း ကူညီလို့ ရမယ်လို့ အကြံ ပေးလိုက်ပါတယ်။ ပြောရရင်တော့ မိန်းကလေးတွေ
မလာပါနဲ့လို့ ပြောချင်ပါတယ်။ မူဆယ်မှာလည်း တကယ် လုပ်နေတဲ့ အထည်ချုပ်စက်ရုံတွေ ရှိပါတယ်။
ဒါပေမဲ့ အထည်ချုပ်စက်ရုံ လို့ပြောပြီး လိမ်ခေါ်တာ တွေ ရှိပါတယ်။ သေချာမှ လာကြပါ လို့
အကြံပေးချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
သို့ဖြစ်၍ ပျောက်ဆုံးအမျိုးသမီးငယ်အား
တွေ့ရှိပါက မြင့်မြတ်ပါရမီသွေးလှူရှင်နှင့် လူမှုကူညီရေးအသင်း၊ မူဆယ်မြို့ (09 263 859 535) နှင့် မိန်းကလေး၏ မိခင် (09 424 070 251) ထံသို့ ဆက်သွယ် အကြောင်းကြား
ပေးရန် မိသားစုက အကူအညီ တောင်းခံထားသည်။
.

No comments:
Post a Comment