.
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်
.
ယခုအခါ ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်သော်လည်း
စက်သုံးဆီ ဝယ်ယူရန် အခက်အခဲနှင့် စုံမ ကန့်သတ်ချက်များကြောင့် အခြေခံလူတန်းစား ကျောင်းသားမိဘများနှင့်
ဆရာ/ဆရာမများ အနေဖြင့် နေ့စဉ် ကျောင်းသွား/ပြန် ကိစ္စအတွက် အခက်အခဲဖြစ်ပေါ်လာနိုင်သည်ဟု
သိရသည်။
.
.“အခုဆိုရင် မိဘတိုင်းလည်း ညည်းတယ်၊ ဆရာ/ဆရာမတွေလည်း
ဒုက္ခရောက်တာပေါ့။ နေ့စဉ် ကျောင်းသွား/ကျောင်းပြန်ဖို့က စုံမကန့်သတ်ချက်နဲ့၊ ဆီအခက်အခဲကြောင့်
အဆင်မပြေကြဘူး။ ဖြစ်နိုင်မယ် ဆိုရင်တော့ ကျောင်းသား/သူတွေ အတွက် တစ်နည်းနည်း ဖြေလျှော့ပေးသင့်ပါတယ်”
ဟု တောင်ကြီးမြို့နေ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
.
မော်တော်ယာဉ် စုံ/မစနစ် သတ်မှတ်ချက်ကြောင့်
ယာဉ်အသုံးပြုသူများအနေဖြင့် နေ့စဉ်သွားလာရေး အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရာတွင်
အခက်အခဲများ ဖြစ်ပေါ်နေရပြီး ကျောင်းကြိုပို့ ကိစ္စရပ်များတွင် ခက်ခဲလာနိုင်ကြောင်း
၎င်းက ပြောသည်။
.
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ကျေးရွာတစ်ရွာမှ
ကျောင်းအုပ်တစ်ဦးကလည်း “ရုံးလုပ်ငန်းတွေ၊ တာဝန်တွေနဲ့ သွားလာရရင် ခုခေတ် ဆီဈေးက တက်တော့
လိုင်းကားစီးရင်လည်း နာရီဝက်လောက် ခရီးကို ကားခက ၈၀၀၀ လောက် ပေးရတယ်။ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်
သွားတော့လည်း စုံ/မ ကန့်သတ်ချက်ကြောင့် သွားချင်တိုင်း သွားလို့မရ၊ ဆီကလည်း လိုသလောက်
ဝယ်မရဘူး” ဟု ပြောဆိုခဲ့သည်။
.
မနက်ဖြန် ဇွန်လ ၁ ရက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ
စတင်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ယနေ့အချိန်ထိ စုံမ ကန့်သတ်ချက်နှင့် စက်သုံးဆီ ကန့်သတ်ချက်များကို
ဖြေလျှော့ပေးခြင်း မရှိသေး သဖြင့် မိဘများ အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အခြေခံလူတန်းစား ကျောင်းသားမိဘများမှာ
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြင့် ကလေးများကို ကျောင်းကြိုပို့ လုပ်ဆောင်ပေးနေရခြင်း
ဖြစ်သည့်အတွက် ဓါတ်ဆီကို ပြင်ပတွင် ဈေးကြီးပေးဝယ်ယူနေရပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်နေရကြောင်း
သိရသည်။
.

No comments:
Post a Comment