.
၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်
.
ဒီနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ
ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပြင်သစ်ကလပ် PSG နဲ့
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် တို့ ကစားကြမှာပါ။ PSG က
ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး အာဆင်နယ်ကတော့ သူတို့နဲ့
နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို ပြန်လည်ရယူဖို့
ကြိုးစားမှာပါ။ ဒီနေ့ည ပွဲစဉ်အတွက် ဘယ်သူအနိုင်ရသွားနိုင်လဲဆိုတာကိုတော့
ကမ္ဘောဇတိုင်းက သုံးသပ်မှုလေး လုပ်ပေးထားပါတယ်။
.
■ ဒဏ်ရာရ၊ပွဲပယ်
PSG ဖက်မှာ ဂိုးသမား ချီဗာလီယာ ဒဏ်ရာရနေပြီး
ဒီပွဲကို သေချာပေါက်လွဲမှာပါ။ အားထားရတဲ့ ခံစစ် ကစားသမား ဟာကီမီ ကလည်း
ဒဏ်ရာပြသနာရှိနေပြီး ဒီပွဲကို ပါနိုင်ဖို့ ၅၀-၅၀ ဖြစ်နေတဲ့ အနေအထားပါ။
.
အာဆင်နယ်ဖက်ကတော့ နောက်ခံလူ ဘန်ဝှိုက်နဲ့
ကွင်းလယ်က မိုက်ကယ်မီရီနို တို့ ဒီပွဲကိုသေချာပေါက် လွဲပါမယ်။ ခံစစ်အစွန်လူ
တင်းဘားနဲ့ တိုက်စစ်က မာဒူကီ တို့ကလည်း ဒဏ်ရာပြသနာရှိနေတာမို့ စောင့်ကြည့် နေရတုန်းပါ။
.
■ ဖြစ်နိုင်ဖွယ်လူစာရင်း
PSG က ဟာကီမီနဲ့ ဂိုးသမား လွဲမှာက လွဲရင်
ကျန်တဲ့နေရာတွေမှာ အင်အားအပြည့်ပါ။ တိုက်စစ်မှာ ဗာရတ်ခီလီယာ၊ ဒမ်ဘီလီနဲ့ ဒိုဝီ
တို့ကစားမှာဖြစ်ပြီး ကွင်းလယ်မှာ သူတို့ရဲ့အကောင်းဆုံး ကွင်းလယ် အတွဲဖြစ်တဲ့ ရုဇ်၊
ဗီတင်ဟာနဲ့ ဂျာအိုနီဗက်စ် တို့ကစားကြမှာပါ။ ဟာကီမီ မပါနိုင်ဘူးဆိုရင် သူ့နေရာကို
ဇိုင်ရီအမ်မရီ ဝင်ကစားဖို့များပြီး မာကွင်ညို၊ ပါချို၊ နူနိုမန်ဒက်စ်တို့နဲ့အတူ
ပွဲထွက်လာဖို့များပါတယ်။ ဂိုးသမားနေရာမှာတော့ ဆာဖိုနော့ ကစားမှာပါ။
.
အာဆင်နယ်ကတော့ ဒီပွဲမှာ
ကစားသမားအပြောင်းအလဲတချို့ကို မြင်ရဖို့ရှိနေပါတယ်။ တိုက်စစ်မှာ ယော်ကရက်စ်
ကစားမှာဖြစ်ပြီး ဆာကာ၊ အိုဒီဂတ်နဲ့ အက််ဇီ တို့က
ကွင်းလယ်တိုက်စစ်ကစားကြဖို့ရှိပါတယ်။ ကွင်းလယ်ဗဟိုနေရာမှာတော့ ရိုက်စ်နဲ့ စကယ်လီ
ကို တွဲပေးဖို့များပြီး ညာခြမ်းခံစစ်နေရာမှာ မော့စ်ကွီရာ ကို သုံးဖို့များပါတယ်။
ဆာလီဘာ၊ ဂါဘရီယယ်၊ ကာလာဖီအိုရီ တို့နဲ့အတူ တခြားခံစစ်နေရာတွေမှာတော့ အာဆင်နယ်က
လူစုံမှာပါ။
.
■ ကစားသမား စွမ်းဆောင်ရည်
PSG မှာ စွမ်းဆောင်ရည်အမြင့်ဆုံးကစားသမားက
ဗာရတ်ခီလီယာဖြစ်ပြီး သူက ဒီပွဲရဲ့ အန္တရာယ်အရှိဆုံး ကစားသမားအဖြစ်
သတ်မှတ်ခံထားရပါတယ်။ ပြောရရင် PSG ရဲ့ ကွင်းလယ်နဲ့
တိုက်စစ်ပိုင်းက စွမ်းဆောင်ရည် အကောင်းဆုံး ပုံစံမှာရှိနေပြီး သူတို့ရဲ့ခံစစ်ကတော့
အားနည်းနေတာပါ။
.
အာဆင်နယ်မှာတော့ စွမ်းဆောင်ရည်အကောင်းဆုံးက
ဂိုးသမား ရာယာဖြစ်နေပါတယ်။ ဆာကာနဲ့ ရိုက်စ်တို့ လောက်ပဲ အာဆင်နယ်မှာ
စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားဖြစ် ရှိနေပြီးကျန်တဲ့နေရာတွေမှာတော့
အာဆင်နယ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်က ထင်သလောက်ဟုတ်မနေခဲ့ပါဘူး။
.
■ သုံးသပ်ချက်
ဒီပွဲအတွက် အာဆင်နယ်ရဲ့အားသာချက်ဖြစ်တဲ့
ထောင့်ကန်ဘောကနေ ဂိုးရအောင်လုပ်တာကို တားဖို့ PSG မှာ
လူမရှိဘူးလို့ အေစီကွင်းလယ်လူဟောင်း ပီယာလိုက သုံးသပ်ထားပါတယ်။ တကယ်လည်း PSG
ခံစစ်မှာ ပါချို တစ်ယောက်ကလွဲရင်
အာဆင်နယ်နဲ့ခေါင်းယှဉ်တိုက်နိုင်မယ့်သူက မရှိသလောက်ပါပဲ။ ဒီတော့ အာဆင်နယ်က သူတို့အားသန်တဲ့
တောင်ပံတွေကနေ ထောင့်ကန်ဘောရအောင်လုပ်၊ အဲဒီကနေမှ PSG ကို
ဂိုးသွင်းနိုင်ဖို့ ကြိုးစားမှာပါ။
.
ဒါပေမဲ့ တစ်ဖက်မှာလည်း PSG ရဲ့ အကောင်းဆုံးကစားသမား ခီလီယာ ကို မော့စ်ကွီရာက ထိန်းရမှာပါ။ PSG
ရဲ့ဘယ်ခြမ်းက ခီလီယာ၊ ရုဇ်နဲ့ မန်ဒက်ဇ် အတွဲလိုက်ကြီးကို ရိုက်စ်နဲ့
မော့စ်ကွီရာတို့ ထိန်းဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။ ဒါ့အပြင် ဗီတင်ဟာနဲ့
နီဗက်စ် တို့ရဲ့တွဲလုံးတွေကိုလည်း အိုဒီဂတ် လောက်နဲ့ ယှဉ်ဖို့ဆိုတာ
လုံးဝမဖြစ်နိုင်ပါဘူး။
.
ပြောရရင် ဒီပွဲက အာဆင်နယ်
တန်ပြန်တိုက်စစ်ချောင်းကစားရမယ့် ပွဲမျိုးဖြစ်ပြီး ထောင့်ကန်ဘော ကနေသာ
ဂိုးရအောင်မလုပ်နိုင်ဘူးဆိုရင် မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားမှာပါ။ တကယ်လို့
စောစောစီးစီး ဂိုးရသွားခဲ့ရင်လည်း ပိတ်ကစားတော့မှာ ဖြစ်လို့ PSG ဂိုးပြန်ရဖို့ ခက်နိုင်တဲ့ပွဲမျိုးပါ။
.
ခြေစွမ်းအရရော၊ ကစားကွက်မှာပါ PSG က သာနေတာ ကျိန်းသေဖြစ်တာမို့ ဒီပွဲက PSG ပဲ
နိုင်ဖို့များတဲ့ပွဲ ဖြစ်ပြီး အာဆင်နယ် တော်တော်လေး ကံကောင်းမှသာ
ဖလားဆွတ်ခူးနိုင်မယ့် ပွဲမျိုးပါပဲ။
.

No comments:
Post a Comment