မြေအောက် ဒုံးကျည်စခန်းတွေကို အီရန်က ပြန်ဖွင့်လိုက်ပါတယ်။ ပြန်ဖွင့်တယ် ဆိုတာကလည်း အရင်က အမေရိကန် လက်ချက်မိမှာ စိုးလို့ ဖုံးထားတဲ့ စခန်းတွေကို ဖုန်ခါတဲ့ သဘောပါပဲ။ အီရန်ရဲ့ လက်ရှိ အနေအထားက အမေရိကန်ရဲ့ အတိုက်မခံခင်ရထက်တောင် ပို အားကောင်းလာသေးတယ်လို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်နေပါတယ်။ အကြောင်းရင်းကတော့ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီကို ပစ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည် အရေအတွက်ကို အရင်တုန်းကထက် အများကြီး ပိုတွေ့လာရတာကြောင့်ပါပဲ။ ဒါ့အပြင် အီရန်ရဲ့ မြေအောက်ဒုံးကျည် စခန်းတွေကို အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်ရေးက ဘယ်လောက် ဖျက်ဆီးနိုင်မလဲ ဆိုတာကလည်း မေးခွန်း ထုတ်စရာပါ။
.
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ရက်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်
အီရန်ရဲ့ တချို့ ဒုံးကျည်စခန်းတွေက ပိတ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အီရန်က
နောက်ပိုင်း ရက်တွေမှာ ဘူဒိုဇာတွေ၊ မြေသယ်ကားတွေကို သုံးပြီး ဒီစခန်းတွေကို ပြန်ဖော်ထားသလို
အရင်တုန်းကလိုမျိုး ဖျက်ဆီးဖို့ဆိုတာကလည်း သိပ် မလွယ်လှတော့ပါဘူး။ အကြောင်းကတော့
အီရန်က သူ့ဒုံးကျည် အထားအသိုတွေကို တိတ်တဆိတ် နေရာ ရွှေ့နေတာကြောင့်ပါ။
.
လက်ရှိအချိန်မှာ နှစ်နိုင်ငံ သဘောတူစာချုပ်အတွက် နီးနေပြီဆိုပေမယ့်
တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာရင် အီရန်ဖက်က ဒုံးကျည် ပစ်ခတ်မှုတွေကို ပြန်လည် စတင်နိုင်တော့မယ့်
အနေအထားပါ။ အီရန်မှာ ရှိနေတဲ့ ဒုံးကျည် မှန်သမျှကို ပစ်လွှတ်စက်တွေနဲ့
လွှတ်တင်ပစ်ခတ်မယ်ဆိုရင် အစ္စရေးလည်း မချောင်ဘူးလို့ နိုင်ငံရေး သုတေသီတွေက
ဆိုပါတယ်။
.
အမေရိကန်နဲ့ အစ္စရေးက တူးဖော်ရေးလုပ်ငန်းတွေအတွက် အီရန်သုံးမယ့်
စက်ယန္တယားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ သူတို့ရဲ့ တိုက်ခိုက်မှုက
အရှိန်လျော့သွားခဲ့တာပါ။ အဲဒီအချိန်မှာပဲ အီရန်က တူးဖော်မှုတွေကို
အာရုံစိုက်လုပ်ကိုင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ကြေညာပြီး ၇ ပတ်အကြာမှာတော့ အီရန် လုပ်ထားတာတွေက
လုံးဝကို ရုပ်လုံးပေါ်လာခဲ့ပါတယ်။
.
CNN ရဲ့စစ်ဆေးတွေ့ရှိချက်အရဆိုရင် အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့
တိုက်ခိုက်ခဲ့တဲ့ မြေအောက်ဒုံးကျည်စခန်း ၁၈ ခုရဲ့ ဥမင်ပေါက်ဝ ၆၉ ခုအနက် ၅၀ ကို
ပြန်ပြီး ဖွင့်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စခန်းတွေရဲ့ တချို့ အစိတ်အပိုင်းတွေကို
ပြန်လည် မွမ်းမံခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ဖျက်ဆီးခဲ့တဲ့ လမ်းတွေကိုလည်း
ပြန်ပြင်ထားတာပါ။ ဂြိုဟ်တုဓာတ်ပုံတွေအရ ဆိုရင်တော့ အီရန်က ဗုံးကျင်းတွေ အားလုံး နီးပါးကို
မြေဖို့ ပိတ်ဆို့ထားပြီး စခန်း ၂ ခုမှာဆိုရင် လမ်းတွေကိုတောင် ကတ္တရာ ပြန်ခင်းထားတာကို
တွေ့ရတာပါ။
.
သုတေသီတွေကတော့ အမေရိကန်အနေနဲ့ တိုက်ပွဲအဆင့် ဖော်ဆောင်ရာမှာ
ကျွမ်းကျင်ခဲ့သလို၊ ဒုံးကျည်တပ်ဖွဲ့တွေကိုလည်း ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့တာ
ချီးကျုးစရာ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဆုံးသတ်ဖို့ လက်လျော့လိုက်သလို ဖြစ်သွားတာကြောင့်
မဟာဗျူဟာပိုင်းအရ ကျရှုံးမှုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်ထားတာပါ။
.
ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကလည်း အီရန်ရဲ့ ဒုံးကျည်စနစ်ကို
ဖျက်ဆီးပစ်ဖို့က စစ်ပွဲရဲ့ ရည်မှန်းချက် ၅ ရပ်ထဲက တစ်ရပ် ဖြစ်တယ်လို့
ပြောဆိုထားပြီး အီရန်ရဲ့ ဒုံးကျည် လက်နက်အင်အားဟာ စစ်ပွဲဖြစ်ရတဲ့
အကြောင်းရင်းတွေထဲက တစ်ခုလို့ အကြိမ်ကြိမ် ပြောဆိုထားခဲ့တာပါ။
.
အခု အမေရိကန်ဖက်က ပြန်လျော့သွားချိန်၊ အစ္စရေးက ဟစ်ဇ်ဘိုလာဖက်ကို
အာရုံ များနေချိန်မှာ အီရန်က သူတို့ရဲ့ ဒုံးကျည်တပ်မတော်ကို ပြန်လည်ပြင်ဆင်လို့
ပြီးလုနီးပါပြီ။ အမေရိကန်အနေနဲ့ အီရန်နဲ့ ငြိမ်းချမ်းရေး ရရင် ရ။ မရရင် အစက
ပြန်တိုက်ရမယ့် အနေအထားဆီ ရောက်သွားမလား ဆိုတာကတော့။ ။
.
Source
– CNN
.
#KBZTai #Shan #Iran #USA #International

No comments:
Post a Comment