.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ဇွန်လ ၁၄ ရက်၊ ညပိုင်းက လမ်းဖြတ်ကူးနေသူ အမျိုးသမီးတစ်ဦးကို ကားတစ်စီးက ဝင်ရောက်တိုက်မိပြီး
မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ခေတ်လိုက်
မီးပွိုင့်အနီးတွင် ဇွန်လ ၁၄ ရက်၊ ည ၈ နာရီကျော် ခန့်က လမ်းဖြတ်ကူးနေသည့် စက်သုံးဆီဆိုင်
ဝန်ထမ်း အမျိုးသမီးကို အောင်ပန်းဘက်မှ ကလောမြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင်
ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်မှာ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတွင် ဦးခေါင်းထိပ်ပေါက်ပြဲ
ဒဏ်ရာ၊ မျက်နှာယာဘက်ခြမ်း ပွန်းခြစ် ပေါက်ပြဲဒဏ်ရာ ၊ ဝဲ/ယာ လက်ဖျံ ပွန်းခြစ်ဒဏ်ရာ
(စိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ကလောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုပေးလျက်ရှိကြောင်း
သိရသည်။
.
“ယာဉ်မောင်းကို ဖမ်းမမိသေးပါဘူး။ လက်ရှိ စုံစမ်းဆဲပါပဲ”
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
သို့ဖြစ်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး
လူဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးနေသူ ယာဉ်မောင်း (စုံစမ်းဆဲ) အား အောင်ပန်းနယ်မြေရဲစခန်းတွင်
ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment