လက်ဘနွန်နဲ့ ဆီးရီးယား သိမ်းပိုက်နယ်မြေထဲက ဆုတ်ခွာပေးမှာမဟုတ်ကြောင်း နေတန်ယာဟု ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

လက်ဘနွန်နဲ့ ဆီးရီးယား သိမ်းပိုက်နယ်မြေထဲက ဆုတ်ခွာပေးမှာမဟုတ်ကြောင်း နေတန်ယာဟု ပြော

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.

အမေရိကန်နဲ့ အီရန်ကြားမှာ အပစ်ရပ်သဘောတူညီချက် ကြေညာထားပေမဲ့လည်း အစ္စရေးတပ်တွေကတော့ လက်ဘနွန်နဲ့ ဆီးရီးယားမှာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာမှာမဟုတ်တဲ့အကြောင်း နေတန်ယာဟု က တရားဝင် အသိပေးလိုက်ပါတယ်။

.

.

ပြီးခဲ့တဲ့ တနင်္လာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတန်ယာဟု က အစ္စရေးတပ်တွေအနေနဲ့ လက်ဘနွန် နိုင်ငံထဲမှာ သိမ်းပိုက်ထားတဲ့ စတုရန်းကီလိုမီတာ ၅၇၀ ခန့်အတွင်းက နယ်မြေတွေမှာ ဆက်လက် တပ်စွဲထားမှာဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။

.

“ကျွန်တော်တို့ ရှိနေသင့်သမျှကာလပတ်လုံး လက်ဘနွန်မှာရှိတဲ့ လုံခြုံရေးကြားခံဇုန်ထဲမှာ ဆက်ရှိနေမှာပါ” လို့ နေတန်ယာဟုက သတင်းထောက်တွေကို ပြောခဲ့တာပါ။

.

အမေရိကန်နဲ့ အီရန်တို့ရဲ့ သဘောတူညီချက်ထဲမှာ လက်ဘနွန်နိုင်ငံတွင်းကို တိုက်ခိုက်နေမှုတွေ အပါအဝင် စစ်ရေးဆောင်ရွက်ချက်တွေ အားလုံးကို ရပ်ဆိုင်းရမယ်လို့ ပါဝင်နေပေမဲ့လည်း နေတန်ယာဟုရဲ့ မှတ်ချက်က ဒီသဘောတူညီချက်အပေါ် သက်ရောက်မှု ရှိလာမှာပါ။

.

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ က ၂၀၂၃ ခုနှစ် အောက်တိုဘာကနေ စပြီး စစ်ပွဲဆင်နွှဲနေကြတာဖြစ်သလို ၂၀၂၄ ခုနစ်၊ အောက်တိုဘာမှာ အစ္စရေးက နယ်စပ်ဖြတ်ကျော် စစ်ပွဲတွေကို စတင်ဆင်နွှဲလာခဲ့တာပါ။

.

အဲဒီနောက်ပိုင်းမှာတော့ လက်ဘနွန်နိုင်ငံအတွင်းကို ဝင်ရောက်တိုက်ခိုက်တဲ့ ကျူးကျော်စစ်အဖြစ် ပြောင်းလဲ သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ အစ္စရေးက လက်ဘနွန် တောင်ပိုင်းမှာရှိတဲ့ လီတာနီမြစ် အရှေ့ဖက်နယ်မြေ တွေကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

.

နေတန်ယာဟု ကတော့ အစ္စရေးအနေနဲ့ အီရန်ကို ဒီအတိုင်းလွှတ်ပေးလိုက်တာမျိုး မဟုတ်ဘဲ အီရန်ရဲ့ အကြမ်းဖက် လက်တံတွေကို ဆက်လက်ပစ်မှတ်ထားမယ် ဆိုတဲ့အကြောင်းနဲ့ စောင့်ကြည့်မှုတွေ ဆက်လက် ရှိနေဖို့ လိုအပ်ကြောင်း ပြောဆိုထားတာပါ။

.

နေတန်ယာဟု က ထရမ့်နဲ့ အဓိက မဟာမိတ်တွေဖြစ်ကြပေမဲ့ ထရမ့်ရဲ့ လွှမ်းမိုးမှုအောက်မှာသာ ရှိနေရတဲ့ အနေအထား ကို အစ္စရေး နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံပါတီတွေက ကြိုက်နှစ်သက်ကြခြင်းမရှိဘဲ နိုင်ငံတွင်းမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူပါ။

.

ဒါ့အပြင် အစ္စရေးအတိုက်အခံပါတီတွေက အီရန်နဲ့စစ်ပွဲပြီးသွားခဲ့ရင် လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာ ဒေသတွေမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်လိုက်ရမှာကိုလည်း စိုးရိမ်နေကြပါတယ်။

.

သတင်းစာရှင်းလင်းပွဲမှာတော့ နေတန်ယာဟု က သူ့အနေနဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ အမြဲတမ်း သဘောထား တူခဲ့ကြောင်း ပြောဆိုခဲ့ပြီး တစ်ခါတလေမှာတော့ အမြင်ကွဲပြားမှုလေးတွေ ရှိတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။

.

“ကျွန်တော်က အစ္စရေးရဲ့ အကျိုးစီးပွား၊ လုံခြုံရေးအတွက် တာဝန်ရှိသူဖြစ်တာမို့ တစ်ခါတလေ အမြင်မတူ တာလေးတွေတော့ ရှိပါတယ်” လို့ နေတန်ယာဟုက ထရမ့်နဲ့သူ့ရဲ့ကြားက အခြေအနေကို မှတ်ချက်ပေး ပါတယ်။

.

အစ္စရေးကာကွယ်ရေးဝန်ကြီး ကက်ဇ် ကလည်း အစ္စရေးဟာ ၂၀၂၃ ခုနှစ်ကတည်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ဆီကနေ ဆုတ်ခွာမှာ မဟုတ်တဲ့အကြောင်း ပြောဆိုထားပါသေးတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages