တောင်ကြီးမြို့မဈေးအတွင်းရှိ ပျံကျစားသောက်ဆိုင်တန်းတွင် မီးလန့်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

တောင်ကြီးမြို့မဈေးအတွင်းရှိ ပျံကျစားသောက်ဆိုင်တန်းတွင် မီးလန့်မှု ဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေးအတွင်းရှိ ပျံကျ စားသောက်ဆိုင်တန်းတွင် ယမန်နေ့ မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းက အသေးစား မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ယမန်နေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် မြိူ့မဈေးအတွင်းရှိ ပျံကျစားသောက်ဆိုင်တန်းမှ ဆိုင်တစ်ဆိုင်တွင် ဂက်စ် မီးဖိုအသေး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်တစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

“မီးလောင်တာ ဟုတ်ပါတယ်။ လူထိခိုက်မှု မရှိပါဘူး။ ကလေးတစ်ဦးတော့ ဆံပင် မီးလေးဟပ်သွားတာပေါ့။ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ကို ဈေးထဲမှာ ဖြစ်နေတာကြောင့် ဆိုင်ရောင်းချခွင့် တစ်လ ပိတ်လိုက်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ မီးလောင်မှုတွင် အနီးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းရှင်များက လျှင်မြန်စွာ ငြှိမ်းသတ်နိုင်မှုကြောင့် မီးကူးစက် လောင်ကျွမ်းမှု မရှိဘဲ ငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမြို့မဈေးအတွင်း မီးဘေးအန္တရာယ် နှင့် အခြား သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ လာပါက မီးသတ်ကား ဝင်ထွက်ရန် လမ်းမရှိသလောက် နည်းပါးနေသဖြင့် အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ တာဝန်ရှိသူက “ဝင်လမ်းထွက်လမ်း ကြပ်တယ်ဆိုတာက ဈေးရုံတွေက လည်း များတယ်။ ပျံကျတွေလည်း များတယ်။ ဝင်လမ်း၊ ထွက်လမ်းကတော့ ရှိနေပါတယ်။ သာမန်ကြည့်ရင် တော့ ကားအဝင်အထွက် ကြပ်တယ် ထင်ရပေမဲ့ တကယ်တမ်း ဖြစ်လာခဲ့ရင်တော့ ဘယ်သူမှ ငုတ်တုတ် ထိုင်နေမှာ မဟုတ်ပါဘူး။ အဓိက (ဝင်ထွက်လမ်း) နေရာတွေမှာ အလွယ်တကူ ဖယ်ရှားလို့ရတဲ့ ဈေးသည် လေးတွေပဲ ထားပါတယ်”ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ရေကန် အနေဖြင့် ၁၄၅၀၀ ဂါလံဆံ့ တစ်ကန်၊ ဂါလံ ၁၅၀၀ ဆံ့ ၂ ကန်အပြင် ဈေးခေါင်မိုးပေါ်တွင် ဂါလံ ၄၀၀ ဆံ့ ရေကန် ၁၂ ကန် ထားရှိပေးထားပြီး မီးသတ်ဆေးဘူး အလုံး ၁၅၀၊ အပေ့ါစားရေစုပ်စက် ၃ လုံး အဆင်သင့် ပြင်ဆင်ထား ကြောင်း သိရသည်။

.

ထို့အပြင် လျှပ်စစ်ကြောင့် မီးအန္တရာယ် မဖြစ်ပွားစေရေးအတွက် မြို့မဈေးအတွင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အထိသာ လျှပ်စစ်မီး ပေးထားပြီး ကျန် ညပိုင်းအချိန်များတွင် မီးအားလုံး ပိတ်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Pages