သနားလို့ ဓာတ်ပုံ တွဲရိုက်ပေးခဲ့တာ ဆိုတဲ့ ထရမ့်ရဲ့စကားကြောင့် အမေရိကန်နဲ့ အီတလီ မိတ်ပျက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

သနားလို့ ဓာတ်ပုံ တွဲရိုက်ပေးခဲ့တာ ဆိုတဲ့ ထရမ့်ရဲ့စကားကြောင့် အမေရိကန်နဲ့ အီတလီ မိတ်ပျက်


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီတလီမီဒီယာ တစ်ခုရဲ့ အင်တာဗျူးမှာ ဝန်ကြီးချုပ် မယ်လိုနီ အပေါ် ပြောဆိုခဲ့တဲ့ မှတ်ချက်တွေကြောင့် နှစ်နိုင်ငံအကြား သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်လာနေပါတယ်။ အီတလီ နိုင်ငံခြားရေး ဝန်ကြီး တာဂျာနီ က ထရမ့်ရဲ့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံဆီ သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ တာဂျာနီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုနဲ့ သောကြာနေ့မှာ တွေ့ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးက အေးစက်သွားခဲ့ရတာပါ။
.
တာဂျာနီက ထရမ့်ရဲ့ ပြောဆိုမှုတွေကို “စော်ကားမှု မြောက်တဲ့ ပြောဆိုချက်တွေ” လို့ မှတ်ချက်ပေးခဲ့ပြီး၊ အီတလီ ဝန်ကြီးချုပ် မယ်လိုနီကလည်း “လုံးဝ လုပ်ကြံဖန်တီးထားတဲ့ စကားလုံးတွေ” လို့ တုန့်ပြန်ခဲ့တာပါ။
.
ဒီ ဖြစ်ရပ်ကြောင့် အရင်က ဆက်ဆံရေး ကောင်းခဲ့တဲ့ ခေါင်းဆောင် နှစ်ဦးရဲ့အကြား တင်းမာမှုတွေ စတင် လာခဲ့သလို အမေရိကန်နဲ့ သူ့ရဲ့ဥရောပ မဟာမိတ်တွေကြားမှာ ကွဲပြားမှု ပိုပြီး နက်ရှိုင်းလာတာကိုလည်း ပြသနေတာလို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြင်သစ် G7 အစည်းအဝေးမှာ ဆက်ဆံရေး ပြန်ကောင်းလာမယ့် လက္ခဏာတွေ ပေါ်လာခဲ့ပေမယ့်လည်း ထရမ့်ကြောင့် ပြသနာတွေ ပြန်ဖြစ်လာခဲ့တာပါ။
.
အီတလီရုပ်သံ ဖြစ်တဲ့ la7TV နဲ့ အင်တာဗျူးမှာ ထရမ့်က မယ်လိုနီ ဟာ အစည်းအဝေးမှာ သူနဲ့ ဓာတ်ပုံရိုက်ခွင့် ရဖို့ လာ တောင်းပန်ခဲ့တဲ့ အကြောင်း ပြောဆိုလိုက်တာ ဖြစ်ပြီး အဲဒီ အင်တာဗျူးရဲ့ အီတလီ ဘာသာပြန် ထုတ်လွှင့်မှုကို အီတလီနိုင်ငံထဲမှာ ရုပ်သံဌာနက ထုတ်ပြန်ခဲ့တာပါ။
.
သူမက ကျွန်တော့်ကို ဓာတ်ပုံအတူ ရိုက်ဖို့ လာ တောင်းပန်ခဲ့တာဗျာ။ ကျွန်တော်နဲ့ ဓာတ်ပုံ ရိုက်နိုင်ဖို့ အရမ်း မျှော်လင့်နေတဲ့ပုံပါ။ ပုံမှန်ဆို ကျွန်တော် မရိုက်ပေးဘူး။ ဒါပေမယ့် သူ့ကို သနားလို့ ရိုက်ပေးလိုက်တာ” လို့ ထရမ့်က ပြောဆိုခဲ့တာပါ။
.
အီတလီ ဝန်ကြီးချုပ် မယ်လိုနီက ထရမ့်ရဲ့ ပြောဆိုမှုတွေအပေါ် ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး လုပ်ကြံ ဖန်တီးထားတဲ့ စကားတွေ ဖြစ်တဲ့အကြောင်း ပြန်လည် မှတ်ချက်ပေးထားပါတယ်။

.
ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေက လုံးဝလုပ်ကြံ ဖန်တီးထားတာတွေ ဖြစ်ပါတယ်။ ကျွန်မ တကယ်ပဲ အံ့အားသင့်မိတယ်။ အမေရိကန် သမ္မတတစ်ယောက် ဖြစ်နေတာမို့ ကိုယ့် မဟာမိတ်တွေကို ဒီလို ဆက်ဆံခွင့်ရှိတယ်လို့ သူ ထင်နေလား မသိပါဘူး။ ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး” လို့ မယ်လိုနီ က သူ့ရဲ့ လူမှုကွန်က်မှာ ရေးသားသွားခဲ့တာပါ။
.
အီတလီ နိုင်ငံခြားရေးဝန်ကြီး တာဂျာနီက လာမယ့် ရက်ပိုင်းအတွင်းမှာ အမေရိကန်ကို သွားရောက်ပြီး မိုင်ယာမီမှာ ကျင်းပမယ့် အီတလီ-အမေရိကန် စီးပွားရေးဖိုရမ်ကို သွားရောက်ဖို့ စီစဉ်ထားခဲ့တာကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရူဘီယိုနဲ့ တာဂျာနီ ဟာ စီးပွားရေးအတွက် အရေးပါတဲ့ သတ္တုတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးအတွက် ဆွေးနွေးဖို့ စီစဉ်ထားကြတာ ဖြစ်ပြီး အခုတော့ ဆွေးနွေးပွဲ ပျက်သွားခဲ့ပါပြီ။
.
သောကြာနေ့ ညနေပိုင်း NBC နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာလည်း ထရမ့်က မယ်လိုနီ အပေါ် ဝေဖန်မှုတွေကို ထပ်မံ ပြုလုပ်ခဲ့ပြီး နေတိုး အဖွဲ့ဝင်တွေလိုပဲ သူကလည်း ဟောမုဇ်ရေလက်ကြား ကိစ္စမှာ ကျွန်တော့်ဖက်က မရပ်တည်ခဲ့ပါဘူး။ ဒါကြောင့် သူ့ကို ကျွန်တော့်အဖွဲ့ဝင် အဖြစ် မလိုချင်ဘူး” လို့ ပြောဆိုခဲ့ပါသေးတယ်။
.
ထရမ့်ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ မယ်လိုနီ အပေါ် ကိုယ်ရေးကိုယ်တာအရ ချီးကျုးစကားတွေ ပြောဆိုလေ့ ရှိခဲ့ပြီး တခြား ဥရောပ ခေါင်းဆောင်တွေအပေါ် ပြသခဲ့တဲ့ ရန်လိုတဲ့ သဘောထားတွေနဲ့ ကွာခြားခဲ့တာပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ထရမ့်နဲ့ သူ့ရဲ့ အခိုင်မာဆုံးမဟာမိတ်လို့ ဆိုရမယ့် အီတလီ တို့ကြား သဘောထား ကွဲလွဲမှုတွေ ဆက်တိုက် ဖြစ်လာနေခဲ့တာပဲ ဖြစ်ပါတယ်။

.
Source – CNN
.

#KBZTai #Shan #Trump #USA #Italy #International

No comments:

Post a Comment

Pages