.
၂၀၂၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် လျှပ်စစ်ရုံးဝန်ထမ်း မီတာဖတ်စာရေး တစ်ဦးက မီတာခများကို လိမ်လည်ထွက်ပြေးသွားသဖြင့်
မီတာခ ကြွေးကျန်များ ပေါ်ပေါက်ပြီး လျှပ်စစ်မီး သုံးစွဲသူ အိမ်ရှင်များ
နစ်နာမှုများ ရှိနေသည်ဟု သိရသည်။
.
.အဆိုပါ ဝန်ထမ်းသည် မီတာစာရွက် ဝေချိန်တွင်
မီတာခကို ၎င်းထံ တစ်ပါတည်း ဆောင်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
.
“အရင်လတွေက သူ့ဆီမှာပဲ တစ်ခါတည်း မီတာခ
ဆောင်ခိုင်းတာပါ။ အခု ဒီလမှ မလာလို့ ရုံးသွားဆောင်တဲ့ အခါ ၄ လစာလောက်
မဆောင်သေးဘူး၊ အကြွေးတွေဆိုပြီး ဖြစ်နေတယ်” ဟု အေးသာယာမြို့နေ ဒေသခံ တစ်ဦးက
ပြောသည်။
.
အေးသာယာမြို့တွင် ၎င်းထံ မီတာခ ပေးခဲ့သည့်
အိမ်ရှင်အများအပြား ရှိနေပြီး ယခုကဲ့သို့ လိမ်လည် ထွက်ပြေးသွားသည့်အတွက်
များစွာနစ်နာနေလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသည့် ကုမ္ပဏီမှ တာဝန်ယူ
ဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“အများစုက မသိနားမလည်ကြတော့ သူ့ (မီတာဖတ်စာရေး)
ဆီမှာပဲ ဆောင်ကြတယ်။ မီတာစာရွက်မှာ အသိပေးချက်တွေ ပါတယ် ဆိုပေမဲ့ ဘယ်သူမှ အရေးတယူ
မဖတ်ကြတာလဲ ပါမယ်။ အဓိက ကတော့ လူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသင့်တာပေါ့” ဟု
တောင်ကြီးမြို့နေ ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နှင့်
အေးသာယာမြို့တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအား တာဝန်ယူ
ဆောင်ရွက်နေသည့် လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီမှ
ဦးနေမျိုးအောင်က “မီးသုံးသူက သူဘယ်လောက် နစ်နာသွားတယ်ဆိုတာ တရားဝင်
လာရောက်တိုင်ကြားမှ သာလျှင် အဲဒီမီတာစာရေးကို ရဲစခန်းမှာ အမှုဖွင့်လို့ရမယ်။ ကျွန်တော်က
အမှုဖွင့်လို့မရဘူး၊ နစ်နာသူက ဖွင့်မှ သာလျှင် ကျွန်တော်တို့က နစ်နာသူနဲ့
ပူးပေါင်းပါဝင်ပေးဖို့ အသင့်ပါပဲ။ ဒါကိုပဲ လုပ်ပေးလို့ရတယ်။ အတိ အလင်း
ကြေညာထားပါလျက်နဲ့ ပေးတာသည် ပေးတဲ့သူရဲ့ အပြစ်ပါပဲ” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ မီတာဖတ်စာရေး
လိမ်လည်ထွက်ပြေးမှုကြောင့် နစ်နာမှုများနှင့် ပတ်သက်၍ ရုံးသို့ တရားဝင်
လာရောက်တိုင်တန်းမှု မရှိသေးကြောင်း ၎င်းထံက သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း
လျှပ်စစ်ဓါတ်အားခများကို KBZ Pay၊ Okay Pay နှင့် AYA Pay တို့မှလည်း ပေးဆောင်နိုင်ပြီး
မီတာစာရွက်ပါ နောက်ဆုံးပေးဆောင်ရမည့်ရက် ည ၁၂ နာရီ မတိုင်မီအထိ ပေးဆောင်
နိုင်ကြောင်းနှင့် ဝန်ဆောင်ခ ကျပ် ၁၀၀ သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
.
လစဉ် ဖြန့်ဝေပေးနေသည့် မီတာဘေလ် စာရွက်၏
နောက်ကျောဘက်၌ ဓာတ်အားခပေးဆောင်ရာတွင် သတ်မှတ်ထားသော ငွေလက်ခံဌာနများသို့
တိုက်ရိုက်ပေးသွင်းရန်နှင့် မီတာစာရေးကိုဖြစ်စေ၊ အခြား လျှပ်စစ်ဝန်ထမ်း
တစ်ဦးဦးကိုဖြစ်စေ၊ ဌာနမှခွင့်ပြုသတ်မှတ်ထားခြင်းမဟုတ်သည့်
ပြင်ပပုဂ္ဂိုလ်တစ်ဦးဦးကို ဖြစ်စေ ပေးဆောင်စေ၍ ငွေကြေးပြဿနာ တစ်စုံတစ်ရာ
ပေါ်ပေါက်လာပါက ပေးဆောင်သူတို့၏ တာဝန်သာဖြစ်ကြောင်း အသိပေးပန်ကြားချက်
ရေးသားထားသည်ဟု သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့နှင့်
အေးသာယာမြို့တို့တွင် လင်းသီဟကုမ္ပဏီဘက်မှ အိမ်သုံးမီတာများကို လစဉ်
ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းတွက်ချက်ကောက်ခံနေသဖြင့် ယူနစ်ကွာဟချက်
များစွာရှိနေပြီး သုံးစွဲသူဘက်မှ ထိခိုက်နစ်နာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု
ကုမ္ပဏီသည် တောင်ကြီးမြို့နှင့် အေးသာယာမြို့တို့တွင်
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်၊
ဖေဖော်ဝါရီလက စ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပဋိဉာဉ်စာချုပ် ချုပ်ဆို၍
လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment