ဇွန်လ ၂၉ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 29, 2026

ဇွန်လ ၂၉ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက်များ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်

.

.

ဘရာဇီး - ဂျပန် (ည ၁၁း၃၀)

.

ဘရာဇီးမှာ ရာဖင်ညာ မပါနိုင်သေးတာမို့ ဒဏ်ရာက ပြန်ကောင်းလာတဲ့ နေမာ ကို ပွဲထွက်လူစာရင်းထဲ ထည့်မလား၊ ဒါမှမဟုတ် ဘုန်းမောက်ရဲ့ ချာတိတ်လေး ရာယန် ကိုပဲ ဗီနီးရှပ်စ်၊ ကွန်ညာတို့နဲ့တွဲပေးမလား စောင့်ကြည့်ရမှာပါ။ ကွင်းလယ်မှာတော့ ကက်ဆီမီရို၊ ဂွီမာရေ့စ်နဲ့ ပါကေးတား တို့ကစားဖို့များပြီး ခံစစ်မှာ ဂါဘရီယယ်နဲ့ မာကွင်ညို တို့ကစားကြဖို့ရှိပါတယ်။

.

ဂျပန်ကတော့ ကူဘို ရဲ့အခြေအနေကို စောင့်ကြည့်နေရတုန်းပဲ။ ဂျပန်တိုက်စစ်မှာ အတွဲမိနေတဲ့ မဲဒါနဲ့ အူအဲဒါ အတွဲကိုပဲ တင်ကစားဖို့ များပြီး ကာမာဒါ၊ နာကာမူရာ တို့ရဲ့ကွင်းလယ်နဲ့အတူ လူစုံမှာပါ။ ဂျပန်က သူတို့ရဲ့ကစားကွက်ဖြစ်တဲ့ ၃-၄-၂-၁ နဲ့ပဲ ဘရာဇီးကို တုံ့ပြန်ဖို့များပြီး ဘရာဇီးကွင်းလယ်ကို ယှဉ်နိုင်ဖို့ ကြိုးစားကြမှာပါ။

.

စာရွက်ပေါ်က လူစာရင်းအရ ဘရာဇီးကို ဂျပန် မမှီနိုင်ဘူးဆိုပေမယ့် ကာမာဒါ၊ တာနာကာနဲ့ အီတာကူရာ တို့ရဲ့ကွင်းလယ်အူကြောင်းတစ်လျှောက်က ကစားပုံကောင်းနေတာမို့ ဘရာဇီးကွင်းလယ်ကို ဖျက်ကစားမယ် ဆို ကစားနိုင်စွမ်းတော့ရှိတယ်။ ဘရာဇီးနဲ့ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဂျပန်က ၃-၂ နဲ့ နိုင်ခဲ့ဖူး တာမို့ ဂျပန်သာ ရုန်းကစားသွားမယ်ဆိုရင် ဘရာဇီး အခက်တွေ့နိုင်ခြေလည်း ရှိတယ်။

.

ဒီပွဲက ဘယ်သူနိုင်မလဲဆိုတာထက် ဘယ်နှဂိုးသွင်းမလဲဆိုတာကို ရွေးရမယ့်ပွဲမျိုးဖြစ်ပြီး ဂျပန်တိုက်စစ်က ဂိုးရသွားနိုင်သလို ဘရာဇီးတိုက်စစ်ကလည်း ဂိုးရမှာ သေချာသလောက်ဖြစ်တာမို့ အပြန်အလှန်သွင်းဂိုး တွေနဲ့အတူ နှစ်သင်းပေါင်းသွင်းဂိုးအများက ပိုပြီး ဖြစ်နိုင်ချေရှိတဲ့ ပွဲမျိုးပါပဲ။

.

ဂျာမနီ - ပါရာဂွေး (နံနက် ၃း၀၀)

.

ပါရာဂွေးရဲ့လက်ရှိခြေစွမ်းအရတော့ ဂျာမနီကို ယှဉ်နိုင်ဖို့ခက်ပါတယ်။ ဒီပွဲမှာ ပွဲပယ်ကနေ လွတ်သွားပြီဖြစ်တဲ့ အယ်လ်မီရွန် ပြန်ပါမှာဖြစ်ပြီး အန်ဆီယို၊ ဂိုမက်ဇ်၊ အယ်လ်ဒီရက်တီ တို့နဲ့ ပါရာဂွေးက လူစုံမှာပါ။

.

ဂျာမနီကလည်း ဒီပွဲမှာ လူစာရင်းအပြည့်နဲ့ ပွဲထွက်လာမှာ သေချာတယ်။ တိုက်စစ်မှာ ဟာဗက်ဇ်၊ နောက်ချန် တိုက်စစ်နေရာတွေမှာ ဆာနေး၊ မူဆီယယ်လာနဲ့ ဝစ်ဇ် တို့ကစားကြဖို့ရှိပြီး ကွင်းလယ်မှာ ပက်ဗလိုဗစ်နဲ့ မီချာ တို့ ကစားမှာပါ။ ခံစစ်မှာတော့ ဂျိုနသန်တာ့နဲ့ ရူဒီဂါအတွဲကို တွေ့ရဖို့ရှိပါတယ်။

.

ပါရာဂွေးက အုပ်စုပွဲအစမှာ အမေရိကန်ကိုဂိုးပြတ်ရှုံးခဲ့တဲ့ခြေစွမ်းက တော်တော်လေး ခြာပေမဲ့ နောက်ပိုင်းမှာ တော့ တူရကီနဲ့ ဩစတြေးလျတို့ဆီကနေ အမှတ်တွေရပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တယ်။ ဂျာမနီကလည်း အုပ်စုပွဲတွေမှာ ပွဲတိုင်း ဂိုးသွင်းနိုင်ပေမဲ့ ခံစစ်ကလည်း ပွဲတိုင်း ဂိုးတွေပေးနေရတာ တွေ့ရတယ်။

.

တစ်ခုသတိထားရမှာပါ ပါရာဂွေးက သူ့ထက်တိုက်စစ် အများကြီးကောင်းတဲ့ အသင်းတွေနဲ့တွေ့ရင် ခံစစ် ပေါက်သွား တတ်ပြီး ပေးဂိုးလည်းများသွားတတ်တာမျိုး ရှိတယ်။ အန်ဆီယို၊ အယ်လ်မီရွန် နှစ်ယောက် လောက်နဲ့ ဂျာမနီဖက်ကို ဂိုးသွင်းဖို့ ပါရာဂွေး မလွယ်လောက်တဲ့အပြင် ဂျာမနီရဲ့တောင်ပံအားသန် ကစားပုံကြောင့် ဂိုးလည်း သေချာပေါက် ပေးလိုက်ရနိုင်တယ်။

.

ဂျာမနီပဲ နိုင်ပြီး နောက်တစ်ဆင့် တက်သွားမယ့်ပွဲပါ။

.

နယ်သာလန် - မော်ရိုကို (နံနက် ၇-၃၀)

.

မော်ရိုကိုက ၃၂ သင်းအဆင့်ကိုရောက်လာတဲ့ အာဖရိကအသင်းတွေထဲမှာ ခြေအငြိမ်ဆုံးနဲ့ ကစားပုံ အမာဆုံး လို့ပြောရမှာပါ။ ဆိုင်ဘာရီက တိုက်စစ်မှာ အဆင်ပြေနေသလို ခါနူစ်နဲ့ ဒီယာ့ဇ်တို့ရဲ့တောင်ပံတွေကလည်း အဆင်ပြေနေတာတွေ့ရတယ်။ ကွင်းလယ်ဗဟိုမှာ အိုင်နာဝီ ကစားပုံကောင်းနေပြီး ဟာကီမီ ရဲ့ညာခြမ်း ကလည်း သွားရှုပ်လို့မရတဲ့ အနေအထားမှာ ရှိနေတယ်။

.

ဒီပွဲအတွက် နယ်သာလန်ရဲ့ အားအသာဆုံးနေရာဖြစ်တဲ့ ဂက်ပိုရဲ့ဘယ်ခြမ်းက ဟာကီမီ၊ ဒီယာ့ဇ်တို့ရဲ့ ညာခြမ်းနဲ့ ယှဉ်ကစားရမှာပါ။ နယ်သာလန်က မာလန်ရဲ့ ညာခြမ်းထက် ဂက်ပို ကိုပဲ ပြီးခဲ့တဲ့ပွဲတွေမှာ အားပြုကစားနေတာတွေ့ရပြီး ဒီဂျောင်၊ ဂရာဗန်ဘတ်ခ်ျအတွဲကလည်း ကွင်းလယ်မှာ အံဝင်နေတာပါ။ ခံစစ်မှာ ဟက်ကီ၊ ဗန်ဒိုက်၊ ဗန်ဒီဗန် တို့ရဲ့ ပရီးမီးယားလိဂ်ခံစစ်အတွဲ ကစားမှာဖြစ်ပြီး ဒီခံစစ်က အုပ်စုပွဲ တွေမှာတော့ ပွဲတိုင်းဂိုးပေးခဲ့ရတယ်ဆိုတာ သတိထားရမှာပါ။

.

ပြောရရင် နယ်သာလန်တိုက်စစ်က တစ်ပွဲကို ၂ ဂိုးလောက်အထိ သွင်းနိုင်ခဲ့ပေမယ့် ခံစစ်ကလည်း တူနီးရှား လို အသင်းကိုတောင် ဂိုးပေးခဲ့ရတာကို မေ့ထားလို့မရဘူး။ ဘရာဇီးလို မာပါတယ်ဆိုတဲ့ ဂါဘရီယယ်၊ မာကွင်ညို အတွဲကိုတောင် ဂိုးရခဲ့တဲ့ မော်ရိုကို က နယ်သာလန်ခံစစ်ကိုလည်း ဂိုးရသွားနိုင်ချေ အများကြီး ရှိတယ်။

.

နယ်သာလန်တို့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးများတယ်ဆိုပေမယ့် မိနစ် ၉၀ ပွဲချိန်အတွင်းမှာတော့ မော်ရိုကို ကို အနိုင်ရဖို့ ရုန်းကန်ရမယ့်ပွဲမျိုးပါ။

.

No comments:

Post a Comment

Pages