ကင်ညာမှာ အီဘိုလာစောင့်ကြည့်ရေးစင်တာ တည်ဆောက်မယ့် အစီအစဉ်ကို ဆန္ဒပြ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

ကင်ညာမှာ အီဘိုလာစောင့်ကြည့်ရေးစင်တာ တည်ဆောက်မယ့် အစီအစဉ်ကို ဆန္ဒပြ


ကင်ညာနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို လာရောက် ထားရှိဖို့နဲ့ အီဘိုလာစောင့်ကြည့်ရေးစင်တာ တည်ဆောက်ဖို့ ကိစ္စတွေကို တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်လာခဲ့ပါတယ်။

.
ကင်ညာနိုင်ငံအတွင်းမှာ လက်ရှိ အီဘိုလာ ကူးစက်ခံရသူ မရှိသေးပေမယ့် အိမ်နီးချင်း ကွန်ဂိုနိုင်ငံနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက်မှုကြောင့် ပြည်သူတွေရဲ့ စိတ်ပူပန်မှုတွေ မြင့်တက်နေခဲ့ကြတာပါ။
.
အဲဒီအခြေအနေမှာပဲ အီဘိုလာဗိုင်းရပ်စ်နဲ့ ထိတွေ့ခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို ကင်ညာနိုင်ငံတွင်းမှာ စင်တာတစ်ခု တည်ဆောက်ပြီး လာရောက် ထားရှိမယ်ဆိုတဲ့ ကြေညာချက် ထွက်လာခဲ့တာကြောင့် ဆန္ဒပြသူတွေ လမ်းပေါ် ရောက်လာကြတော့တာပါ။
.
နန်ယူကီမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ လမ်းပေါ် ထွက်လာခဲ့ကြပြီး စီစဉ်ထားတဲ့ စင်တာရှိရာ လမ်းမပေါ်မှာ စုဝေးခဲ့ကြတာပါ။ တချို့ကတော့ ကားတွေပေါ်ကနေ ဆန္ဒ ပြခဲ့ကြပြီး မြို့လမ်းပေါ်မှာ မီးရှို့ထားတဲ့ မြင်ကွင်းတွေကိုလည်း မြင်ခဲ့ကြရပါတယ်။
.
ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေက လေတပ်စခန်းဆီ သွားရာလမ်းမှာ လုံခြုံရေး တိုးမြှင့်ခဲ့ရပြီး ဆန္ဒပြမှုကို တားဆီးဖို့ ကြိုးစားခဲ့ရတာပါ။
.
အမေရိကန် တာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရတော့ ကုတင် ၅၀ ဆန့် စောင့်ကြည့်ရေးစင်တာ တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားပြီး အီဘိုလာရောဂါ ရှိသူတွေနဲ့ ထိတွေ့ခဲ့ပေမယ့် ရောဂါလက္ခဏာ မပြသေးတဲ့ အမေရိကန် နိုင်ငံသားတွေကို ထားရှိမှာ ဖြစ်တယ်လို့ သိရတာပါ။
.
အမေရိကန်က အီဘိုလာဗိုင်းရပ်စ်နဲ့ ထိတွေ့သူတွေ၊ ကူးစက်ခံထားရသူတွေကို နိုင်ငံထဲ ဝင်ခွင့်ပေးမှာ မဟုတ်တဲ့အကြောင်း အတိအလင်း ကြေညာထားတာ ဖြစ်ပြီး ရောဂါနဲ့ ထိတွေ့မှု ရှိတဲ့ သူတို့နိုင်ငံသားတွေကို တခြားနိုင်ငံမှာ သွားရောက် ပို့ဆောင်ထားဖို့ စီစဉ်နေတာမို့ ဝေဖန်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရတာပါ။
.
အမေရိကန်အစိုးရကတော့ ကင်ညာနိုင်ငံရဲ့ ဒီလိုအကူအညီပေးမှုအတွက် ဒေါ်လာ ၁၃ ဒသမ ၅ သန်း ထောက်ပံ့ပေးမယ်လို့ ကြေညာထားပြီး စင်တာနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။


Source – CNN

No comments:

Post a Comment

Pages