ရှမ်းမြောက်ရှိ မြို့နယ်အချို့တွင် ဒေသဖွံဖြိုးရေး လုပ်ရန် ခက်ခဲနေဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

ရှမ်းမြောက်ရှိ မြို့နယ်အချို့တွင် ဒေသဖွံဖြိုးရေး လုပ်ရန် ခက်ခဲနေဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပြော

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အခက် အခဲဖြစ်နေပြီး နယ်မြေလုံခြုံရေးအရ အကန့်အသတ်ရှိနေသည်ဟု လားရှိးမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်း ထံက သိရသည်။

.



.

ယင်းဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ တင်ပြ‌တောင်းခံပါက ဝန်ကြီးဌာနဘက်မှလည်း ချပေးရန် ခက်ခဲပြီး အကယ်၍ ချထားပေးပါကလည်း လုပ်ဆောင်ပေးရန် ခက်ခဲ ကြောင်း ဒေါက်တာမျိုးထွန်းက ပြောသည်။

.

“နယ်မြေလုံခြုံရေး အကန့်အသတ် ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကျတော့ လွတ်လွတ်လပ်လပ် သွားလို့လည်း မသင့်ဘူး၊ သွားလို့လည်း မကောင်းဘူးပေါ့။ လားရှိုးမှာ အုပ်စု ၇၀ ကျော်က သွားလို့၊ လာလို့၊ သူတို့အတွက် မေးပေးလို့၊ ဆောင်ရွက်ပေးလို့မရတဲ့ အနေအထားဖြစ်တာပေါ့။ ကျွန်တော်တို့ဒေသက သိပ်မအေးချမ်းတော့ တချို့ဟာလေးတွေက နည်းနည်း ဆင်ဆင်ခြင်ခြင် နေရတဲ့ အနေအထားပေါ့” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းက ပြောဆိုခဲ့သည်။

.

လားရှိုးမြို့နယ်တွင် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၇၅ အုပ်စု ရှိသည့်အနက် လက်ရှိတွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ဟူးမွန်ကျေးရွာအုပ်စု တစ်ခုတွင်သာ အစိုးရ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ပြီး ကျန်ကျေးရွာ အုပ်စုများမှာ တိုင်းရင်းသားလက်နက်ကိုင်များက နယ်မြေ စိုးမိုးထားခြင်းဖြစ်သည်။

.

ထို့အတူ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း အပါအဝင် ရှမ်းမြောက်ရှိ မြို့နယ်ဒေသ အများစုတွင်လည်း MNDAA နှင့် TNLA တပ်ဖွဲ့များက စိုးမိုးထားသည်။

.

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံ ကလည်း လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး စိန်ခေါ်မှုများ ရှိနေသည်ဟု ပြောဆိုထားသည်။

.

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များ၌ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော်လည်း ယင်းမြို့များ၏ အနီးဝန်းကျင် ကျေးရွာဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တည်ရှိနေဆဲ ဖြစ်ပြီး ယခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် သီပေါမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ ခုကို သမ္မတရုံးက အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Pages