ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ ညောင်ရွှေ စာပြန်ပွဲတော်ကို ဇွန်လ ၂၆ ရက်တွင် စတင် ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ ညောင်ရွှေ စာပြန်ပွဲတော်ကို ဇွန်လ ၂၆ ရက်တွင် စတင် ကျင်းပမည်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ ညောင်ရွှေစာပြန်ပွဲတော်ကြီးကို လာမည့် ဇွန်လ ၂၆ ရက် (ပထမဝါဆိုလဆန်း ၁၂ ရက်) မှ ဇူလိုင်လ ၄ ရက် (ပထမဝါဆိုလပြည့်ကျော် ၅ ရက်) အထိ ၉ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

.


.

(၈၆) ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ စာမေးပွဲတော်ကို ဇွန်လ ၂၆ ရက်မှ ဇွန်လ ၂၉ ရက်နေ့အထိ လည်းကောင်း၊ (၈၉) ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟအာဂုံစာပြန်ပွဲတော်နှင့် အာဂုံ ရေးဖြေပွဲတော်ကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၄ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် သံဃဩဝါဒခံ ဦးစီးအဖွဲ့ချုပ်၏ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ မေလ ၃၁ ရက်၊ နံနက်ပိုင်းက ညောင်ရွှေမြို့၊ မြို့မ ရန်ကုန်ကျောင်း၌ ပြုလုပ်ခဲ့ပြီး စာပွဲတော်ကြီး၏ ၈၉/၈၆ ကြိမ်မြောက် စာပွဲတော်ကြီးနှစ်ရပ် ကျင်းပနိုင်ရေး အတွက် လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့် ရ/သုံး ငွေစာရင်း (ခန့်မှန်းခြေ)များ အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

“စာပြန်ပွဲက သူ့ရဲ့ ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းရှိပါတယ်။ အဲဒီ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအရ အစည်းအဝေး ကျင်းပတာပါ။ အဲဒီစည်းမျဉ်းတွေကတော့ စော်ဘွားကြီး လက်ထက်ကတည်းက ရှိခဲ့တာ၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာတာပါ။ ပုံမှန် လုပ်ရိုးလုပ်စဉ်အစည်းအဝေးပါ။ လုပ်ငန်းအတွက် အသုံး စရိတ်တွေတင်ပါတယ်” ဟု ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟစာပြန်ပွဲ၊ သံဃဩဝါဒခံဦးစီးအဖွဲ့ချုပ်၊ မော်ကွန်းမှတ်တမ်းကော်မတီ အတွင်းရေးမှူး ဦးနိုင်အောင်ဌေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အစည်းအဝေးသို့ ညောင်ရွှေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပွဲတော် သံဃဩဝါဒခံဗဟိုဦးစီးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော ဦးတင်အောင်ကျော်၊ ဦးဘုန်းကြွယ် နှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ၊ လုပ်ငန်းဆပ်ကော်မတီ အဖွဲ့ များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

ယခုနှစ် စာပြန်ပွဲတော်တွင် ဝင်ရောက်ဖြေဆိုမည့် သံဃာတော် အပါးရေ ၃၁၀၀ ကျော် ရှိပြီး မဟာနာယက အမှူးပြုသော ဝန်ဆောင်ဆရာတော် အပါး ၄၀၀ ကျော် ရှိကာ စုစုပေါင်း ဆရာတော် သံဃာတော် အပါး ၃၅၀၀ ကျော်အတွက် ဆွမ်းကြီး တစ်နပ်လျှင် ၃၀၀၀၀ ကျပ်၊ နိဗ္ဗဒ္ဓထာဝရဆွမ်းအလှူအတွက် ၂၀၀၀၀၀ ကျပ်နှင့် စာအောင်ဆုအလှူတော်ငွေများ၊ အခြား အလှူဒါန်းဖွယ်ရာ အမျိုးမျိုးတို့ကို ဆက်ကပ်လှူဒါန်း ပူဇော် နိုင်မည်ဖြစ်ကြောင်း သိရသည်။

.

လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ညောင်ရွှေမြို့၊ မြို့မရန်ကုန်ကျောင်းတွင် ဖွင့်လှစ်ထားသည့် ရုံးအဖွဲ့ အလှူခံဌာနအပြင် တောင်ကြီး၊ အင်းလေး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအသီးသီးတွင် အလှူခံဌာန ခွဲများဖွင့်လှစ်ထားရှိပြီး ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

.

ညောင်ရွှေစာပြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်မှ စတင်၍ ရပ်နားခဲ့ရာ ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #NyaungShwe

.

No comments:

Post a Comment

Pages