စိတ် ဖိစီးမှုတွေ ဖြစ်လာရင် ဘယ်လို ရုန်းထွက်ကြမလဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

စိတ် ဖိစီးမှုတွေ ဖြစ်လာရင် ဘယ်လို ရုန်းထွက်ကြမလဲ


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.
လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ပြသနာပေါင်းစုံကို ရင်ဆိုင်ရတာ သဘာဝပါပဲ။ ကိုယ့်ဆီကို ရောက်လာတဲ့ ပြသနာတွေကို နေ့စဉ်နဲ့ အမျှ ဖြေရှင်းဖို့ ကြိုးစားနေရတာကိုကပဲ ဘဝရဲ့ အဓိပ္ပာယ်လိုမျိုး ဖြစ်လာကြတာပါ။ ဒီ ပြသနာတွေကနေ တစ်ဆင့် စိတ်ဖိစီးမှုတွေကပါ ကိုယ့်ဆီ ရောက်လာတတ်ကြပြီး တချို့ အချိန်တွေမှာ အရမ်း ပင်ပန်းလာတာမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ဒီနေ့အတွက်တော့ စိတ်ဖိစီးမှုတွေ ဖြစ်လာရင်၊ စိတ်တွေ အရမ်း ပင်ပန်းလာရင် ဘာတွေ လုပ်သင့်သလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
.
လေ့ကျင့်ခန်း လုပ်ပါ
.

စိတ် ဖိစီးမှုတွေကို လျော့ချဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုက လေ့ကျင့်ခန်း လုပ်တာပါပဲ။ တစ်ရက်ကို နာရီဝက်လောက် ဖြစ်ဖြစ် လေ့ကျင့်ခန်းတွေ လုပ်နေတာက စိတ် ဖိစီးမှုကို လျော့ကျစေတဲ့အပြင် စိတ်ကျရောဂါ ဖြစ်နိုင်ချေကိုပါ လျော့ချပေးတယ်လို့ ကျန်းမာရေးမဂ္ဂဇင်းတွေမှာ တွေ့နေရတာပါ။ ကိုယ်က ဘာ လေ့ကျင့်ခန်းမှ လုပ်တတ်တဲ့ အလေ့အကျင့် မရှိဘူးဆိုရင်တောင် တစ်နေ့ကို နာရီဝက်လောက်တော့ အချိန် ပေးပြီး ပြေးကြည့်လိုက်ပါ။ စိတ် ဖိစီးနေတာတွေ လျော့သွားမှာ ဖြစ်သလို ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန် ရှိလာပါလိမ့်မယ်။
.
အစားအသောက် မပျက်ပါစေနဲ့
.

တချို့က စိတ်ညစ်လာပြီဆိုရင် ဘာမှ မစားချင်ဘူး ဆိုတာမျိုး ဖြစ်တတ်ကြပါတယ်။ အစား မစားလေ လူက နေရတာ မကောင်းပဲ အားနည်းပြီး အတွေးတွေ ပို များလေမို့ အစား မစားဘဲ နေတာက ဘာမှ အကျိုး မရှိပါဘူး။ ကိုယ့်ဆီမှာ စိတ်ညစ်စရာတွေ အများကြီးရှိနေတယ် ဆိုရင်တောင် တစ်နေ့တာအတွက် စားသောက်တဲ့ ပမာဏကိုတော့ ပုံမှန် အတိုင်းပဲ ရှိနေသင့်တာပါ။ အာဟာရ ပြည့်ဝတဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ပြန်လည် တုံ့ပြန်နိုင်ဖို့ အသင့် ဖြစ်နေပါလိမ့်မယ်။
.
အိပ်ရေး ဝအောင် အိပ်ပါ
.

စိတ် ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ ရှိနေတာမို့ အိပ်လို့ မပျော်ဘူးဆိုတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ လူ တစ်ယောက်က သူ့ရဲ့ ပုံမှန်အတိုင်း မအိပ်စက် နိုင်တော့တဲ့အခါ သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ၊ စိတ် ခံစားချက်တွေကိုပါ ထိခိုက်လာတတ်တာပါ။ တချို့ကလည်း စိတ်ညစ်လို့ ဆိုပြီး တစ်နေ့ကို ၁၂ နာရီလောက် အိပ်ကြတဲ့သူတွေတောင် ရှိပါတယ်။ အိပ်စက်ချိန် များပြန်ရင်လည်း ကိုယ် လုပ်ရမယ့် တစ်နေ့တာ အလုပ်တွေ လစ်ဟင်းကုန်ပြီး အလုပ်ပျက် အကိုင်ပျက်တွေ ဖြစ်တတ်ပြန်တာပါ။ ဒီတော့ စိတ်ညစ်သည် ဖြစ်စေ၊ ပျော်သည် ဖြစ်စေ လူတစ်ယောက်ရဲ့ လိုအပ်တဲ့ အိပ်ချိန် ဖြစ်တဲ့ တစ်နေ့ကို ၈ နာရီလောက်တော့ ရအောင် အိပ်စက်သင့်ပါတယ်။
.
စာဖတ်ပါ
.

စာဖတ်ခြင်းက ကိုယ့်ရဲ့ စိတ် ဖိစီးမှုတွေကို လျော့ကျစေတယ် ဆိုတာထက် ကိုယ့်ကို နည်းမှန်လမ်းမှန်နဲ့ တွေးနိုင်အောင် ကူညီပေးနိုင်တာမျိူးပါ။ ကိုယ့်ရဲ့ ပြသနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို စာအုပ်တွေက တစ်ဆင့် သိလာနိုင်သလို၊ စာအုပ်ဖတ်ခြင်းကနေ မတူညီတဲ့ ကမ္ဘာတစ်ခုကို ခဏသွားပြီး စိတ်ကို ငြိမ်သက်လာစေတာပါ။ သုတေသနတွေ အရတော့ စာဖတ်ခြင်းကို ၆ မိနစ်လောက် လုပ်ရုံနဲ့တင် စိတ်ဖိစီးမှုရဲ့ ၃ ပုံ ၂ ပုံကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။
.
 အကောင်းမြင်စိတ်မွေးပါ
.

စိတ် ဖိစီးလာချိန်မှာတော့ ဘယ်သူမဆို အကောင်း မြင်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ပုံမှန် လုပ်နေကြ ကိစ္စလေးတွေ အပေါ်မှာတောင် စိတ်မကြည်ပဲ ဖြစ်နေတတ်တာမို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကပါ အဲဒီ သက်ရောက်မှုကို ခံစားရတာပါ။

.
ဒီတော့ စိတ်ဖိစီးမှုတွေ များနေတယ် ဆိုရင်တောင် အကောင်းမြင်စိတ်လေးတော့ ရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကြုံနေရတဲ့ ကိစ္စတွေ မကြာခင် ပြီးသွားမှာပါလို့ တွေးလိုက်တာမျိုး၊ အရာရာကို အပြုသဘော ဆောင်တဲ့ အတွေးလေးတွေ တွေးပေးတာမျိုးကနေ ပြသနာတွေ အားလုံး အဆင်ပြေသွားမယ့် အချိန်ကို ရောက်သွားပါလိမ့်မယ်။
.
မလုပ်ချင်တဲ့ အလုပ်တွေကို ငြင်းဖို့ ကြိုးစားပါ
.

တစ်ခါတလေမှာတော့ မလုပ်ချင်တဲ့ အလုပ်တွေ၊ ကိုယ့်အတွက် အဆင်မပြေတဲ့ တာဝန်တွေကို ထမ်းထားရင်းနဲ့ စိတ် ဖိစီးမှုတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ် မလုပ်ချင်တဲ့ အလုပ်တွေကိုတောင်မှ ဟုတ်ကဲ့ လို့ပြောပြီး လက်ခံထားတာ မျိုးကနေ အချိန် ကြာလာတာနဲ့အမျှ လူက ပင်ပန်းလာတတ်တာပါ။
.

ဒီတော့ ကိုယ့်အတွက် ပင်ပန်းစေမယ့် အလုပ်တွေကို တတ်နိုင်သမျှ လျော့ချပါ။ ကိုယ်လုပ်ရမယ့် တာဝန်တွေ ပြီးပြီဆိုတာနဲ့ ကောင်းကောင်း အနားယူပြီး ကျန်တာတွေကို မေ့ထားလိုက်ပါ။ အဆင် ပြေလာပါလိမ့်မယ်။
.
ကိုယ့်အပေါ် အားပေးမယ့် ပတ်ဝန်းကျင်မှာ နေပါ
.

ကိုယ်က စိတ်ဓာတ် ကျနေတဲ့အချိန်၊ စိတ် ဖိစီးမှုတွေ များနေတဲ့အချိန်မှာ ကိုယ့်အနားမှာ ဘယ်သူတွေ ရှိလဲဆိုတာကလည်း အရေးကြီးပါတယ်။ ကိုယ် စိတ်ဖိစီးမှုတွေ များနေတဲ့အချိန် ကိုယ့်အနားမှာ နေတဲ့သူက အဆိုး မြင်တတ်တဲ့သူ တစ်ယောက်သာ ဆိုရင် အဲဒါက ကုစရာ ဆေး မရှိတော့သလိုပါပဲ။
.

စိတ်ဓာတ် ကျနေတဲ့ အချိန်တွေမှာဆိုရင် အကောင်းဆုံးက မိသားစုတွေ၊ အကောင်းဆုံး သူငယ်ချင်းတွေနားမှာ ရှိနေဖို့ အသင့်တော်ဆုံးပါ။ သူတို့ပေးတဲ့ နွေးထွေးမှုတွေ ပျော်ရွှင်မှုတွေကနေ တစ်ဆင့် ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာ ကောင်းကောင်းကြီး နားလည်လာပါလိမ့်မယ်။

.
#KBZTai #Shan #Lifestyle

No comments:

Post a Comment

Pages