.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်
.
မှတ်ပုံတင်၊ သန်ခေါင်းစာရင်းဆိုင်ရာ
ကိစ္စရပ်များတွင် မမှန်မကန် ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်မှ
ယနေ့အထိ နိုင်ငံ့ဝန်ထမ်းနှင့် ပွဲစား စုစုပေါင်း ၁၇၉ ဦးကို အရေးယူထားသည်ဟု
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးမြင့်ကြိုင်က လွှတ်တော်တွင် ပြောဆို ခဲ့သည်ဟု သိရသည်။
.
.တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇွန်လ ၁၉ ရက်က ကျင်းပရာ အစည်းအဝေးတွင်
ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
စိုင်းဝင်းခိုင် က နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် နိုင်ငံသားနံပါတ်
ထပ်နေမှုများနှင့် ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုကို
ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
.
ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားနံပါတ်တူညီနေသူ
နှစ်ဦးအနက် တစ်ဦးအား မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်ပေးထားကြောင်း စိစစ်တွေ့ရှိပါက
မှန်ကန်စွာ ထုတ်ပေးထားသူကိုသာ အတည်ပြုပေးပြီး နိုင်ငံသားအရည်အချင်း မပြည့်မီသူအား
ကတ်ပြားထုတ်ပေးခဲ့သည့် ဝန်ထမ်းများနှင့် ဆက်စပ်ပါဝင်သူများကို
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၁
ခုနှစ်မှ ယနေ့အထိ အရာထမ်း ၃၀ ဦး၊ အမှုထမ်း ၄၈ ဦး စုစုပေါင်း ၇၈ ဦး၊ မမှန်မကန်ပြုလုပ်ပေးခဲ့သည့်
ပွဲစား ၁၀၁ ဦးတို့ကို အရေးယူထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အပြင် နိုင်ငံသားနံပါတ်တစ်ခုတည်းဖြင့်
ထုတ်ပေးထားသည့် မှတ်ပုံတင်များသည် မှန်ကန်စွာ ထုတ်ပေး ထားသည့် ကတ်ပြားများဖြစ်ပါက
နံပါတ်ပေးသည့် မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသူကို အတည်ပြုပေးပြီး ကျန်တစ်ဦးအား
နိုင်ငံသားနံပါတ်အသစ် ထုတ်ပေးလျက်ရှိကြောင်းနှင့် နှစ်ဦးစလုံးအား နိုင်ငံသားနံပါတ်
တူညီစွာ မှတ်တမ်းတင်ထား ပါက နံပါတ်ထပ်နေသူ နှစ်ဦးအား တွေ့ဆုံညှိနှိုင်းစေပြီး
စောစီးစွာ ထုတ်ယူထား သူကို အတည်ပြုကာ ကျန်တစ်ဦးအား နိုင်ငံသားနံပါတ်အသစ်
ထုတ်ပေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက
ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်က ကျင်းပခဲ့သည့်
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် နားဖန်းမြို့နယ်
ကိုယ်စားလှယ်အမှတ်(၂) စိုင်းအောင်မြင့် က အလားတူ မေးခွန်းကို
ရှမ်းပြည်နယ်လွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးက နိုင်ငံသားစိစစ်ရေးကတ် နံပါတ် ထပ်နေသူများ၊
နိုင်ငံသားကတ်နံပါတ် တစ်ခုတည်းဖြင့် လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုမို ရှိပါက
သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အထောက်အထားများဖြင့် လူကိုယ်တိုင်
သွားရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုထားသည်။
.
၁၉၉၀ ပြည့်နှစ်၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲ
ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို နိုင်ငံတစ်ဝန်း
အရှိန်အဟုန်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပမာဏ များပြားသဖြင့်
သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊
လုပ်အားပေးများ အကူအညီဖြင့် ဆောင်ရွက်ခဲ့ရာ အချို့မြို့နယ်များတွင်
နိုင်ငံသားနံပါတ် တစ်ခုတည်းဖြင့် လူတစ်ဦးထက်ပိုပြီး နိုင်ငံသားကတ်ပြားများ
ထုတ်ပေးခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment