ဖုန်းလေး တစ်ချက်တော့ ဆက်စေချင် (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 7, 2026

ဖုန်းလေး တစ်ချက်တော့ ဆက်စေချင် (ဆောင်းပါး)


မင်းဇော်မင်း

ဗီယက်နမ်စစ်ပွဲတွင် အမျိုးသားငယ် တစ်ယောက်သည် ၄င်း၏ဇနီးနှင့် သားငယ်ကို ထားခဲ့ပြီး စစ်ထဲသို့ လိုက်သွားခဲ့ရာ စစ်ပွဲတွင်ပင် အသက်ပေးသွားခဲ့ရသည်။ ကျန်ရစ်သူ လှပပြီး အသက်ငယ်ရွယ်သေးသူ ဇနီးသည် သည် လက်ထပ်ဖို့ လာရောက် ကမ်းလှမ်းလာသည့် ယောင်္ကျားသား အားလုံးအား ငြင်းပယ်ပြီး ဆင်းရဲငတ်ပြတ်သည့် ဒုက္ခဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းရင်း သားငယ်လေးကိုသာ ပညာတတ်ကြီး ဖြစ်အောင် ဂရုတစိုက်နှင့် ပြုစုပျိုးထောင်ပေးခဲ့လေသည်။

.

သားငယ်ကလည်း ပညာ တော်သည့်အတွက် အမေရိကတွင် ပညာ ဆက်လက်သင်ကြားခွင့် ရခဲ့သည့်အပြင် တက္ကသိုလ်မှလည်း ပညာတော်တဲ့အတွက် ကျောင်းပြီးသည်နှင့် NASA တွင် လာစာ ကောင်းသော အင်ဂျင်နီယာ အဖြစ် အလုပ် လုပ်ခွင့်ရခဲ့သည်။

.

လစာ ကောင်းသည့်အတွက် မိခင်ဆီသို့ ငွေ အမြောက်အများ ပုံမှန် ပို့နိုင်ခဲ့သည်။ တခါတလေတွင်လည်း သူ၏ အမေ့ထံ စာရေး ပို့ခဲ့သည်။ သို့သော် သူ့အမေ ရှိသည့် မွေးရပ်မြေကိုတော့ တစ်ခေါက်တလေပင် ပြန် မသွားဖြစ်ခဲ့ပေ။ အမေဖြစ်သူက အလည် ပြန်လာရန် ခေါ်သော်လည်း အမေရိကတွင်သာ ပျော်ပိုက်နေခဲ့ရာ သူ့အမေမှာ မျှော်သာမျှော်သော်လည်း နွေ မိုး ဆောင်း ရာသီအလီလီသာ ပြောင်းသွားပေမယ့် သားဖြစ်သူမှာ တစ်ခါမှအမေ ဖြစ်သူထံ ပြန် မသွားဖြစ်ခဲ့ချေ။

.

တစ်ရက်တွင်မူ သူ၏ အမေ သေဆုံးသည့် စာ လာမှသာ ဗီယက်နမ်မွေးမြေသို့ ပြန်လာ၍ အမေ ဖြစ်သူ၏ အသုဘ ချဖို့ စီစဉ်သည်။ အမေဖြစ်သူ၏ အသုဘတွင် သားဖြစ်သူ၏ ပုံစံမှာ ၀မ်းမနည်းသည့် ပုံစံ ပေါက်နေသဖြင့် ဘေး၀န်းကျင်၏ အမြင်တွင် ကိုယ့်အမေ သေတာတောင် ၀မ်းနည်းပုံ မပြသည့် ဘယ်လိုသားလဲ ဟု ဝေဖန်ကြသည်။  သူ့အမေ ရုပ်အလောင်း ထားရှိရာ ကုတင်ခေါင်းရင်းတွင် သေတ္တာတစ်လုံးကို တွေ့ရှိကြသဖြင့် သားဖြစ်သူက သေတ္တာကို ဖွင့်ကြည့်ပြီး အထဲတွင် ပါရှိသည့် စာကို ဖတ်ပြီးမတော့ အမေ အမေရယ် ဟု အော်မြည်တမ်းတ မျက်ရည် စီးကျကာ ၀မ်းနည်းယူကျုံး မရစွာဖြင့် မိခင်၏ ခေါင်းကို သိုင်းဖက်ရင်း ငိုကြွေးမြည်တမ်းလျက် ရှိနေတော့သည်။ ပတ်၀န်းကျင်ရှိ သူများက သေတ္တ္တာအတွင်းဒေါ်လာ ၁၀၀ တန် ငွေစက္ကူများ အပြည့် ရှိသည်ကို မြင်တွေ့ရပေသည်။

.

သားရေ အမေ မင်းပို့ပေးတဲ့ ငွေတွေ နည်းနည်းပဲ သုံးပြီး ကျန်တာတွေ အကုန် စုထားတယ် အမေလေ ငါ့သားကို အချိန်တိုင်း သတိရနေတာ အိမ်ရှေ့မှာ ဆိုင်ကယ်သံ ကြားတိုင်း သားများ ပြန်လာတာလားလို့ အပြေးလေး ထွက်ကြည့်မိတယ်။  ဒါပေမယ့် ထွက်ကြည့်တိုင်း ငါ့သား မဟုတ်ဘဲ အခြားသူတွေပဲ ဖြစ်နေခဲ့တယ် သားရယ်။ သား ပို့ပေးတဲ့ ငွေတွေ အားလုံးနီးပါး အမေ ဒီသေတ္တာထဲမှာ စုထားတာ။ ငါ့သား နေထိုင်မကောင်း ဖြစ်ရင် ဒီငွေတွေ လိုချင် လိုမှာလေ။” တဲ့။

.

သူ့ အမေက စာကို အဆုံးတောင် မသတ်ထားဘဲ ဒီ အထိပဲ ရေးထားနိုင်ခဲ့တယ်။ ဒီ စာလေးကို ဖတ်နေရင်းနဲ့ ကျွန်တော့် အမေကို တော်တော် သတိရသွားတယ်။ ကျွန်တော်တို့လို မိဘတွေကို ထားပြီး နိုင်ငံရပ်ခြား ရောက်နေတဲ့ သူတွေဟာ တစ်ခါတလေ မိဘကို ပိုက်ဆံ ပို့လိုက်ရင် ဖုန်းလေး တစ်ချက်လောက် ဆက်လိုက်ရင် လုံလောက်တယ်လို့ ထင်နေကြတယ်။

.

တစ်ကယ်တော့ မိဘတွေဟာ သူတို့အတွက် ငွေ သိပ်မလိုပါဘူး။ သားသမီးတွေကိုသာ သူတို့ အနား ရှိစေချင်တာပါ။ သားသမီးတွေ တိုးတက်ရာ တိုးတက်ကြောင်းအတွင် သူတို့ ဆန္ဒတွေကို မျိုသိပ်ထားကြပြီး လွမ်းဆွတ်ခြင်းတွေသာ ရင်၀ယ်ပိုက်ထားကြတာပါ။

.

ဒီစာလေး ဖတ်ဖြစ်လို့ ကိုယ့်မိဘတွေကို သတိရသွားတယ်ဆိုရင် ကိုယ့်မိဘတွေဆီ ဖုန်းလေး တစ်ခါလောက် ဆက်လိုက်ပါဗျာ။ ကိုယ့် မိဘတွေဆီ မရောက်ဖြစ်တဲ့လူတွေကလည်း တစ်ခေါက်လောက် ရောက်အောင် ပြန်ကြပါဗျာ။ ဆိုင်ကယ်သံလေး ကြားတိုင်း ကားသံလေး ကြားတိုင်း ကိုယ့်သားသမီးများ ပြန်လာမလားလို့ မိဘတိုင်းက မျှော်နေကြတာပါ။ ငွေဆိုတာ ဘယ်နေရာမဆို ရှာတတ်ရင် ရနိုင်ပါတယ်၊ မိဘဆိုတာ အစား မရပါဘူး၊ နောင်တနှင့် ငွေကို မလဲပါနဲ့တဲ့။

.

ကိုးကား - Mother's Love By Michael Luong ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment

Pages