.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်
.
ဒီနေ့မနက်ပိုင်း ကစားခဲ့တဲ့ တူနီးရှားနဲ့
ဂျပန်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂျပန်က ၄-၀ ဆိုတဲ့ရလာဒ်နဲ့အနိုင်ယူပြီး ရမှတ် ၃
မှတ်ကို ပိုင်ဆိုင်သွားခဲ့တာပါ။
.
.ဒါပေမဲ့လည်း အုပ်စု ဒုတိယနေရာက ဂျပန်နဲ့
တတိယနေရာက ဆွီဒင်ရဲ့ အမှတ်ကွာခြားချက်က တစ်မှတ်သာ ရှိတာမို့ ဂျပန်အနေနဲ့ နောက်ဆုံးပွဲမှာ
ဆွီဒင်ကို အနည်းဆုံးသရေကစားနိုင်မှ နောက်တစ်ဆင့်ကိုတက်ရောက် နိုင်မှာပါ။ အုပ်စုကို
ဦးဆောင်နေတဲ့ နယ်သာလန်ကတော့ နောက်ဆုံးပွဲမှာ တူနီးရှားနဲ့ တွေ့ရမှာ မို့
အုပ်စုဗိုလ် အဖြစ်ကနေ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါပြီ။
.
ဆွီဒင်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ တူနီးရှားက
ဒီပွဲမှာလည်း ဂျပန်ရဲ့တိုက်စစ်ကို မတားဆီးနိုင်ပဲ ပွဲအစ ၄ မိနစ်မှာတင် ကာမာဒါ ရဲ့
ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာပါ။ ပထမပိုင်းတစ်ပိုင်းလုံးကို ကစားကွက်ရော၊
ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းမှုအားလုံး ဂျပန်က စိုးမိုးထားခဲ့ပြီး
တူနီးရှားကတော့ ပထမပိုင်းမှာ ဂျပန်ဂိုးပေါက်ကို တစ်ကြိမ်မှ
တည့်အောင်မကန်နိုင်ခဲ့ပါဘူး။
.
ပွဲချိန် ၃၁ မိနစ်မှာတော့ အူအဲဒါက
ဂိုးဧရိယာအပြင်ကနေ ညာခြေနဲ့ကန်သွင်းပြီး ဂျပန်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို
ရယူပေးသွားခဲ့ပါတယ်။
.
ဂျပန်အသင်းဖက်မှာ အဓိက တောင်ပံကစားသမား ကူဘို
မပါနိုင်ခဲ့ပေမဲ့ တူနီးရှားအပေါ် ကောင်းကောင်း လွှမ်းမိုးနိုင်ခဲ့ပြီး
ပထမပိုင်းမှာ လုံးဝကို အသာစီးရအောင် ကစားထားနိုင်ခဲ့တာပါ။
.
ပွဲချိန်ဒုတိယပိုင်းမှာလည်း ပိုကောင်းတဲ့အသင်းက
ဂျပန်အသင်းပဲဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်း အထိ အသာစီးရယူပြီး
ကစားနေခဲ့တာပါ။
.
ပွဲချိန် ၆၉ မိနစ်မှာတော့ အီတို က
ဂိုးဧရိယာထဲကနေ အပိုင်ကန်သွင်းပြီး တတိယဦးဆောင်ဂိုးကို ယူပေးခဲ့ ပါတယ်။ ပွဲချိန်
မိနစ် ၇၀ ဝန်းကျင်မှာ ဂျပန်က အဓိက ကစားသမား ၅ ယောက်အထိ လူစားလဲပစ်ခဲ့ပေမဲ့
တူနီးရှားက ဘာမှ လုပ်နိုင်တာ မရှိခဲ့ဘဲ ဂျပန်ဂိုးပေါက်ကို တစ်ကြိမ်မှ
တည့်အောင်မကန်နိုင်ခဲ့ပါဘူး။
.
ပွဲချိန် ၈၄ မှာတော့ လူစားလဲမှုတွေ
ပြုလုပ်ထားတဲ့ ဂျပန်ကတောင် ဂိုးထပ်ရသွားခဲ့ပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမား
ဖြစ်ခဲ့တဲ့ အူအဲဒါ က စတုတ္တမြောက်ဂိုးကို ထပ်သွင်းပေးသွားလို့ ပွဲအပြီးမှာ ၄-၀
ဆိုတဲ့ရလာဒ်နဲ့ ဂျပန်အသင်း အပြတ်အသတ် အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။
.

No comments:
Post a Comment