နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ယှဉ်တွဲဆောင်ရွက်ရန်လိုဟု ရှမ်းဝန်ကြီးချုပ် ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 5, 2026

နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ယှဉ်တွဲဆောင်ရွက်ရန်လိုဟု ရှမ်းဝန်ကြီးချုပ် ပြော

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်

.

နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ယှဉ်တွဲဆောင်ရွက်ရန် လိုအပ်သည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး က ပြောဆိုခဲ့သည်။

.

.

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

မြန်မာနိုင်ငံသည် ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ သုခချမ်းသာ ရရှိစေရေးအတွက် ရေရှည်တည်တံ့ သော၊ ကြွယ်ဝချမ်းသာမှုရှိသော၊ အားလုံးပါဝင်သော၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် ၂၀၁၉ ခုနှစ်ကတည်းက မြန်မာ နိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်းနှင့် မူဝါဒကို အကောင်အထည်ဖော် နိုင်ရန်အတွက် ၂၀၃၀ ပြည့်နှစ်အထိ ဆောင်ရွက်မည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရည် လုပ်ငန်းစဉ်များ ပါဝင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ကဏ္ဍအလိုက် ပင်မလုပ်ငန်းအစီအစဉ်များကို လည်း ချမှတ်ခဲ့ပြီး ယခုအခါ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက ပြောသည်။

.

ပြည်နယ်ဝန်ကြီးချုပ် အဖွင့်အမှာစကား ပြောကြားပြီးနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် Video Clip နှင့် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း၊ အထက်အဆင့်တွင် တတိယဆု ရရှိသည့် အထက (ခွဲ) မယ်ဟုတ်၊ တာချီလိတ်မြို့၏ Video Clip များကို ပြသခဲ့ကြောင်း သိရသည်။

.

ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောကျေးရွာဆု၊ အမျိုးသားအဆင့် သန့်ရှင်း ၍ စိန်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် တတိယဆုနှင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်း မူလတန်းအဆင့် ဒုတိယဆု ရရှိသည့် ကျောင်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက ကျောက်စီပန်းချီကား၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အထိမ်းအမှတ် ဆုများကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

.

နှစ်စဉ် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် ၁၉၇၂ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေ ညီလာခံက သတ်မှတ်ပြီး နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကာ ယခု ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အခမ်းအနားကို အဇာဘိုင်ဂျန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။

.

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်း ကြိုးပမ်းစို့” “A Global Call for Climate Action” ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages