.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဒင်ဒါယန်းခရိုင်မှာ မနေ့
ဇွန်လ ၁၅ ရက်က အရပ်ဝတ် ရဲတစ်ယောက်နဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ စကားများပြီး ရဲက
သေနတ်ထုတ် ပစ်ခဲ့တာကြောင့် ကယ်ရီသမားတစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွား ခဲ့ပါတယ်။
.
တနင်္ဂနွေ မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့
ဒီအမှုကို အနီးအနားနေသူတွေက သတင်းပို့တိုင်ကြားခဲ့ကြတာပါ။ အခင်းဖြစ်တဲ့နေရာကို
ရဲတွေ ရောက်သွားကြချိန်မှာတော့ ဆိုင်ကယ် ကယ်ရီမောင်းသူဖြစ်တဲ့ ပူရစ် က ရင်ဘတ်နဲ့ နောက်ကျောမှာ
ကျည်ထိမှန်ထားတဲ့ ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာကို တွေ့ခဲ့ရပြီး
အခြားကယ်ရီသမား နှစ်ဦးဖြစ်တဲ့ ဆရီရက်နဲ့ ခူနာရက် တို့က ပေါင်မှာ သေနတ်ဒဏ်ရာတွေ
ရရှိထားခဲ့တာကို တွေ့ရတာပါ။
.
မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ ပစ်ခတ်သူက
အနက်ရောင် လက်ရှည်အင်္ကျီ၊ ဂျင်းဘောင်းဘီတိုနဲ့ အနက်ရောင်ပုခုံးလွယ်အိတ်ကို
ဝတ်ဆင်ထားပြီး ထိုင်နေကြတဲ့ ကယ်ရီသမားအုပ်စုဆီ သွားရောက်ခဲ့တာလို့ သိရတာပါ။
.
အဲဒီနောက် ပစ်ခတ်သူနဲ့ကယ်ရီသမားတွေ စကားများ
ရန်ဖြစ်ကြပြီးတဲ့နောက် အဲဒီအမျိုးသားက ပစ္စတို သေနတ်ကိုထုတ်ပြီး
ကယ်ရီသမားတွေဖက်ကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေ တွေက
ပြောခဲ့ကြတာပါ။
.
အဲဒီနောက်မှာတော့ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့
အမျိုးသားက မက်ကာဆန်ရဲစခန်းကို ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ပြီး သူက
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ပေါ့ဝါတနာ ဖြစ်ကြောင်း ဝန်ခံခဲ့တာပါ။
သူကိုင်ဆောင်ခဲ့တဲ့ ၉ မီလီမီတာ SIG Sauer အမျိုးအစား
သေနတ်နဲ့ ကျည်ကတ်ကိုလည်း ရဲစခန်းဆီ အပ်နှံခဲ့ပါတယ်။
.
ပေါ့ဝါတနာရဲ့ ထွက်ဆိုချက်အရတော့ ဒီပစ်ခတ်မှုက
ကယ်ရီခ အငြင်းပွားရာကနေ စခဲ့ပြီး ကယ်ရီသမား တွေက အရင်ဆုံး ကိုယ်ထိလက်ရောက်
တိုက်ခိုက်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်
သေနတ်သုံးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။
.
ရဲတပ်ဖွဲ့ရဲ့ CCTV စစ်ဆေးမှုတွေမှာတော့
ပစ်ခတ်မှု မဖြစ်ပွားမီ အချိန်မှာ ကယ်ရီမောင်းသူနှစ်ဦးက ပစ်ခတ်သူ အမျိုးသားကို
စတင်ရိုက်နှက်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
.
ပစ်ခတ်သူရဲ့ဆွေမျိုးတစ်ဦးကတော့
ဒီအငြင်းပွားမှုဟာ မက်ကာဆန် ဒေသမှာရှိတဲ့ သူ့အိမ်ကိုပြန်ဖို့အတွက်
ကယ်ရီငှားစီးဖို့ ကြိုးစားရကနေ ကယ်ရီခမတန်တဆ တောင်းတာကြောင့်
စတင်စကားများခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောပါတယ်။
.
ဒါ့အပြင် ပစ်ခတ်သူထံမှာ စိတ်ကျန်းမာရေးဆိုင်ရာ
ရောဂါလည်းရှိနေပြီး ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို
ပုံမှန်သောက်နေရသူဖြစ်တယ်လို့ သူ့ရဲ့ဆွေမျိုးဖြစ်သူက ရဲတပ်ဖွဲ့ဆီ
ပြောဆိုခဲ့ပါသေးတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment