ပြင်သစ်မှာ အမြင့်ဆုံးအပူလှိုင်း ဖြတ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

ပြင်သစ်မှာ အမြင့်ဆုံးအပူလှိုင်း ဖြတ်နေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

ပြင်သစ်နိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရပြီး အပူချိန်တွေ စံချိန်တင် မြင့်တက်နေတာ ကြောင့် ဒီနေ့စတင်မယ့် ပြင်သစ်ရဲ့အကြီးဆုံး ဂီတပွဲတော် Fete de la musique မှာ အရက်သောက်ခြင်း မပြုရဘူးလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းမှာ ရထားခရီးစဉ်တွေကို ရပ်နား ခဲ့ပြီး ကျောင်းတွေကိုလည်း ပိတ်ထားတာမျိုး လုပ်ခဲ့ရတာပါ။

.

.

ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး ဂီတပွဲတွေထဲက တစ်ခုဖြစ်တဲ့ Fete de la musique ပွဲကို နွေရာသီ စတင်တဲ့နေ့ ဖြစ်တဲ့ ဇွန်လ ၂၁ ရက်မှာ နှစ်စဉ်ကျင်းပတာဖြစ်ပြီး ပြင်သစ်တစ်နိုင်ငံလုံးမှာရှိတဲ့ လမ်းမတွေ၊ ပန်းခြံတွေ၊ ရင်ပြင်တွေ၊ ဘားတွေနဲ့ အများပြည်သူနေရာတွေမှာ အခမဲ့ဂီတဖျော်ဖြေပွဲပေါင်း ရာနဲ့ချီ ကျင်းပမှာ ဖြစ်ပါတယ်။

.

ဒါပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အပူလှိုင်းအခြေအနေကြောင့် ဂီတပွဲနေရာတွေမှာ အရက်မရောင်းရဘူးလို့ ပိတ်ပင်လိုက်သလို အရက်သောက်သုံးမှုတွေလည်း မလုပ်ကြဖို့ အစိုးရက တားဆီးလိုက်တာပါ။

.

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းကနေ စတင်ပြီး ပါရီနဲ့ ဘာဂန်ဒီ ဒေသတွေအထိ အပူချိန်က ၃၉ ဒီဂရီ ကနေ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ရှိနိုင်ပြီး တချို့နေရာတွေမှာ ၄၁ ဒီဂရီဆဲလ်စီးယပ် အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ အပူချိန်က တနင်္လာနေ့မှာတော့ အမြင့်ဆုံးကို ရောက်ရှိလာဖို့ ခန့်မှန်းထားပြီး စံချိန်တင် အပူလှိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားကြပါတယ်။

.

အစိုးရက ဂီတပွဲတော်တွေမှာ အပူဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးတွေ ကြိုတင်ထားရှိထားပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း အသင့်ပြင်ဆင်ထား တာပါ။

.

ပြင်သစ်နိုင်ငံထဲမှာ အပူလှိုင်းဖြတ်သန်းမှုက ရက်ပေါင်းများစွာ ဆက်လက် ဖြစ်ပေါ်နေတာဖြစ်ပြီး ရထားခရီးစဉ် ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရသလို စာသင်ကျောင်း တချို့ကိုလည်း ယာယီရပ်နား ထားရတာ ဖြစ်ပါတယ်။

.

ပြင်သစ်နိုင်ငံတွင်း မိုးလေဝသဌာနကတော့ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အပူလှိုင်းဟာ နိုင်ငံလူဦးရေရဲ့ လေးပုံ သုံးပုံ လောက်ကို သက်ရောက်မှု ရှိနေပြီဖြစ်ပြီး ဘယ်လောက် ကြာမြင့်မယ်ဆိုတာကိုလည်း ခန့်မှန်းနိုင်ခြင်း မရှိသေးတဲ့အကြောင်း ပြောကြားထားပါတယ်။

.

ပါရီမြို့ခံတွေနဲ့ လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေ အပူဒဏ်သက်သာစေဖို့အတွက် မြို့တော်ထဲက ပန်းခြံတွေနဲ့ ဥယျာဉ်တွေကို ညလုံးပေါက် ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့လည်း ကြေညာချက်တွေ ထုတ်ထားပါသေးတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages