.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
ထီဖောင်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့ရှောင်လမ်းဘေးတွင် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ရန်အတွက်
မြတ်ဘုန်းသီရိကုမ္ပဏီနှင့် စည်ပင်သာယာရေးဌာနတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.“EOI ခေါ်တော့ ရှမ်းပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊
မြတ်ဘုန်း သီရိကုမ္ပဏီက လာလျှောက်တယ်။ EOI အောင်ထားပြီးပြီ။ စာချုပ်
ပြင်ဆင်နေပါတယ်။ စာချုပ် ချုပ်ပြီးရင်တော့ လုပ်ငန်း စမှာပါ။ ကုမ္ပဏီနဲ့ စည်ပင် အကျိုးတူပါ။
ကုန်စည်ပို့ဆောင်ရေး ဂိတ်ပိုင်ရှင်တွေနဲ့ ကုမ္ပဏီနဲ့ တွေ့ပေးပါတယ်။ တွေ့ပြီး သူတို့တင်ပြလာတဲ့အချက်တွေကို
Master Plan ထဲမှာ အကောင်းဆုံး ဖြစ်အောင် ထည့်ဆွဲပြီးမှ နှစ်ဘက်
စာချုပ် ညှိမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက်
ယနေ့ ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့, မြို့တော်ခန်းမတွင် စည်ပင်သာယာရေးဌာန၊
ကုမ္ပဏီနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
.
တွေ့ဆုံပွဲတွင် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန
အမှုဆောင်အရာရှိက အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း
ဥက္ကဋ္ဌနှင့် ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက စီမံကိန်း ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြရာ
တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊
မြို့ရှောင်လမ်းဘေးရှိ မြေဧရိယာ ၁၉ ဒသမ ၈ ဧကပေါ်တွင် ကုန်တင်ယာဉ်ရပ်နားစခန်း
တည်ဆောက်ရန် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စိတ်ဝင်စားမှု အဆိုပြုလွှာ များခေါ်ယူခဲ့ရာ
မြတ်ဘုန်းသီရိ ကုမ္ပဏီက ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တောင်ကြီးမြို့ရှောင်လမ်းသည်
မတ်စောက်ခြင်း၊ အရည်အသွေး မပြည့်မီခြင်းနှင့် လမ်းပုံစံမကျခြင်း တို့ကြောင့်
ကုန်တင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်တတ်သဖြင့် ဂရုစိုက်မောင်းနှင်ရန် လိုအပ်
ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
.

No comments:
Post a Comment