ထိုင်းတောင်ပိုင်းမှာ နာမည်ခံ စီးပွားရေးလုပ်ငန်းတွေကို ဖမ်းဆီးနေပြီး ဘတ် ၁ ဘီလီယံကျော် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

ထိုင်းတောင်ပိုင်းမှာ နာမည်ခံ စီးပွားရေးလုပ်ငန်းတွေကို ဖမ်းဆီးနေပြီး ဘတ် ၁ ဘီလီယံကျော် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်၊ ဖန်ငါးနဲ့ ခရာဘီပြည်နယ်တွေမှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို နာမည်ခံအဖြစ် အသုံးပြုပြီး တရားမဝင်မြေယာပိုင်ဆိုင်မှုတွေ ရယူထားတာမို့ အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဆေးမှုတွေကနေတစ်ဆင့် ထိုင်းနဲ့ နိုင်ငံခြားသား ၄၈ ဦးကို ဖမ်းဆီး ထားပြီး ဘတ်ငွေ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားခဲ့တာပါ။

.

.

အစိုးရဌာနအသီးသီးက အရာရှိနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော်ပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးကို ဇွန်လ ၂၀ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်းတောင်ပိုင်းက နေရာအများအပြားကို တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြတာပါ။ ဒီစစ်ဆင်ရေးက အန်ဒမန်ကမ်းရိုးတန်းဒေသမှာရှိတဲ့ နာမည်ခံစီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းတဲ့ တတိယအဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့ပြီး မနက်  ၆ နာရီမှာ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

.

နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူတွေက ထိုင်းနိုင်ငံသားတွေကို နာမည်ခံအဖြစ် အသုံးပြုပြီး မြေကွက် ၈၉ ကွက် အထိ ဝယ်ယူထားကြတာကို စစ်ဆေးမှုတွေအရ တွေ့ရှိခဲ့ရတာပါ။ တရားရုံးက ထိုင်းနိုင်ငံသား ၂၈ ဦးနဲ့ နိုင်ငံခြားသား ၃၁ ဦးအတွက် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

.

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ ဖူးခက်မှာ ကုမ္ပဏီ ၁၀ ခုက မြေယာဝယ်ယူမှုတွေကို ထိုင်းနိုင်ငံသားတွေ နာမည်နဲ့ လုပ်ဆောင်နေကြပြီး ဘတ် ၁၁၆ သန်းတန် မြေကွက် ၄ ကွက်ကို ပိုင်ဆိုင် ထားကြတာပါ။ ဒီကုမ္ပဏီတွေကနေ အစ္စရေးနိုင်ငံသား ၅ ဦး၊ ပြင်သစ် ၂ ဦး၊ နယ်သာလန် ၁ ဦးနဲ့ ရုရှားနို င်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာပါ။

.

ဒါ့အပြင် နိုင်ငံခြားရှယ်ယာရှင်တွေက ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားပြီး မြေယာပိုင်ဆိုင်ခွင့် ရရှိထားတဲ့ ကုမ္ပဏီ ၃၉ ခုကိုလည်း အာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး ဘတ် ၁၁၅ သန်းတန်တဲ့ မြေကွက် ၅၂ ကွက်ကို စုံစမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။

.

ထိုင်းနိုင်ငံသားတချို့က ကုမ္ပဏီတွေမှာ ရှယ်ယာရှင်အနေနဲ့ ပါဝင်နေကြပေမဲ့လည်း သူတို့ရဲ့ လက်ရှိ အခြေအနေက ဒီလိုနေရာတွေမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခြေအနေတွေ မဟုတ်ကြောင်း တွေ့ရှိခဲ့ရပြီး နိုင်ငံခြားသားတွေ ကိုယ်စား နာမည်ခံအဖြစ် လုပ်ဆောင်နေတယ်လို့ သံသယရှိခဲ့ကြတာပါ။

.

ခရာဘီပြည်နယ်ထဲမှာလည်း နာမည်ခံ ကုမ္ပဏီ ၉ ခုက ဘတ် ၂၀၉ သန်း တန်ဖိုးရှိတဲ့ မြေကွက် ၁၇ ကွက်ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံသား ၂၇ ဦးနဲ့ နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

.

ဒီအမှုတွေမှာ ပါဝင်ပတ်သက်မှု အများဆုံးက အစ္စရေးနိုင်ငံသားတွေဖြစ်ကြပြီး ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား တွေရဲ့တစ်ဝက်ကျော်က အစ္စရေးလူမျိုးတွေ ဖြစ်နေကြတာပါ။

.

နာမည်ခံကုမ္ပဏီ အမှုတွေထဲက အကြီးဆုံးဖြစ်သွားတဲ့အမှုကတော့ ပိုလန်ရင်းနှီးမြုပ်နှံသူတွေရဲ့ ကုမ္ပဏီ ဖြစ်ပြီး အဲဒီကုမ္ပဏီက ခရာဘီမှာရှိတဲ့ အကောင်းဆုံးနေရာတွေမှာ ဇိမ်ခံအိမ်တွေကို ဆောင်လုပ်ရောင်းချ နေတာပါ။

.

ဒီကုမ္ပဏီက မှတ်ပုံတင်ရင်းနှီးငွေအဖြစ် ဘတ် ၄ သန်းသာရှိပေမဲ့လည်း ဘတ် သန်း ၂၀၀ ကျော်တန် မြေကွက် ၁၆ ကွက်ကို ထိန်းချုပ်ထားတဲ့အကြောင်း တွေ့ရှိခဲ့ရတာပါ။ စာရွက်စာတမ်းတွေမှာ ထိုင်းနိုင်ငံသား တွေက ၁၀၀ ရာခိုင်နှန်းပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ကြောင်း ဖော်ပြထားပေမဲ့လည်း လက်တွေ့မှာတော့ ပိုလန် နိုင်ငံသားဇနီးမောင်နှံ နှစ်ဦးက ထိန်းချုပ်နေတာ ဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့ကစွပ်စွဲထားတာပါ။

.

ဒီစစ်ဆင်ရေးကို တောင်ပိုင်းပြည်နယ်တွေမှာတင် မကဘဲ နိုင်ငံတစ်ဝှမ်းတိုးချဲ့ပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages