ဝင်းသိင်္ဂီထွန်းနဲ့ ယွန်းဝတီလှိုင် မပါတဲ့ပွဲမှာ မေထက်လူ ဘယ်လောက် လုပ်ပြနိုင်မလဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 3, 2026

ဝင်းသိင်္ဂီထွန်းနဲ့ ယွန်းဝတီလှိုင် မပါတဲ့ပွဲမှာ မေထက်လူ ဘယ်လောက် လုပ်ပြနိုင်မလဲ


ဒီနေ့ညနေ ၃ နာရီမှာ စတင် ကစားတော့မယ့် AYA Tri Nations Cup ပြိုင်ပွဲမှာ မြန်မာနဲ့ ဥဇဘက်ကစ္စတန်တို့ရဲ့ အဖွင့်ပွဲကို ပရိသတ်တွေ ကြည့်ရှုရတော့မှာပါ။ ဒီပြိုင်ပွဲက ဖိတ်ခေါ်ဖလားပွဲ ဆိုပေမယ့် ဥဇဘက်၊ ထိုင်း တို့လို ပြိုင်ဆိုင်မှု ပြင်းမယ့် အသင်းကောင်းတွေ ပါတာကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

.
အထူးသဖြင့် မြန်မာအမျိုးသမီးရဲ့ တိုက်စစ်မှာ အဓိက ကျောရိုးဖြစ်တဲ့ ဝင်းသိင်္ဂီထွန်းနဲ့ ယွန်းဝတီလှိုင်တို့ မပါဝင် နိုင်မှုကြောင့် မေထက်လူ ကို အဓိက တိုက်စစ်မှုးနေရာမှာ မြင်တွေ့ရဖို့ ရှိနေပြီး တချိန်တုန်းက မေထက်လူ ကို အရန်ခုံမှာ ထားခဲ့လို့ ပေါက်ကွဲနေတဲ့ ပရိသတ်တွေအတွက်လည်း မေထက်လူ ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာ မြင်တွေ့ရဖို့ ရှိနေတာပါ။
.
မေထက်လူက အရမ်းကြီး အားကောင်းတဲ့ တိုက်စစ်မှုးမျိုး မဟုတ်သလို သူ့ဆီမှာ အားသာချက်တွေ၊ အားနည်းချက်တွေကလည်း အများကြီးပါ။ မေထက်လူရဲ့အားသာချက်တွေကို အရင်ပြောရရင်တော့ မေထက်လူက မြန်တဲ့ကစားသမားမျိုးပါ။



နောက်တန်း ကစားသမားတွေကြားက နေရာလွတ်တွေကို ဝင်ယူတာ မြန်ပြီး အခွင့်အရေးကို အသုံးချတတ်တဲ့သူပါ။ ဘောလုံး ခြေထောက်ထဲမှာ မရှိတဲ့အချိန် နေရာလွတ် ရှာနိုင်တဲ့ ကစားသမားမို့ ပြိုင်ဖက်ခံစစ်ကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ အဆုံးသတ် ကောင်းတယ်။ ဂိုးပေါက်ရှေ့မှာ အခွင့်အရေး ရပြီဆိုရင် အဆုံးသတ် သေချာတဲ့ ကစားသမားမျိုးပါ။ ခေါင်းတိုက် ကောင်းတယ်။ သူ့ရဲ့ အရပ်အမြင့်က ၁ ဒသမ ၇၁ မီတာ လောက် ရှိလို့ အမြင့်ဘောတွေမှာ အတိုင်းအတာ တစ်ခုအထိ သူ့ကို အားကိုးလို့ ရနိုင်ပါတယ်။ ဒါ့အပြင် လူငယ်ဘဝကတည်းက မြန်မာ ယူ-၁၆၊ ယူ-၁၉ အသင်းတွေနဲ့အတူ ကစားလာခဲ့တာမို့ နိုင်ငံတကာပွဲ အတွေ့အကြုံလည်း ကောင်းကောင်း ရှိပါတယ်။
.
ကစားသမား အမျိုးအစားနဲ့ ပြောရရင်တော့ အရပ်အမောင်းနဲ့ ဘောလုံးထိန်းပြီး ကစားတတ်တဲ့ (Target Man) ပုံစံထက် Running Striker/Poacher ပိုဆန်ပါတယ်။ နောက်တန်းကြားကို ထိုးဖောက် ပြေးဝင်ပြီး ဂိုးသွင်းဖို့ အခွင့်အရေး ရှာတတ်တဲ့ တိုက်စစ်မှူးမျိုးပါ။
.
ဒါဆိုရင် မေထက်လူရဲ့ အားနည်းချက်တွေက ဘာတွေလဲ။ မေထက်လူက အရပ်အမောင်း ကောင်းပေမယ့် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာတော့ သိပ် အားမကောင်းတာမို့ လူကောင်ကြီးပြီး မာတဲ့ ခံစစ်မှူးမျိုးနဲ့ တွေ့ရင် ရုန်းကန်ရတတ်ပါတယ်။ ဂိုးသွင်းဖို့ နေရာယူတာ ကောင်းပေမယ့် တစ်ခါတလေမှာ ကွင်းလယ်နဲ့ ချိတ်ပြီး မကစားတတ်သလို ဖြစ်နေတတ်ပါတယ်။

.



လူငယ်တိုက်စစ်မှူး အများစုလိုပဲ အခွင့်အရေး ရချိန်မှာ ကန်မလား၊ ပေးမလား ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချက်ချင်းချတဲ့ နေရာမှာလည်း အားနည်းချက်တွေနဲ့ပါ။ ဒါ့အပြင် သူ့ရဲ့ အနေအထားက မိနစ် ၉၀ လုံးလုံး ကစားနိုင်ပါ့မလား၊ ပုံမှန်ခြေစွမ်း တစ်ခုမှာ မိနစ် ၉၀ လုံးလုံး ရှိနေပါ့မလား ဆိုတာ မသေချာပါဘူး။
.
ဒါတွေကတော့ မေထက်လူရဲ့အားနည်းချက်တွေလို့ ပြောလို့ရပါတယ်။ မေထက်လူမှာ ကောင်းမွန်တဲ့ အားသာချက်တွေရော၊ အားနည်းချက်တွေရောမို့ ဒီနေ့ပွဲမှာ ဘယ်လိုခြေစွမ်းမျိုးနဲ့ ကစားပြသွားမလဲဆိုတာ ရင်ခုန်ဖို့ ကောင်းနေမှာတော့ အသေအချာပါပဲ။

.

No comments:

Post a Comment

Pages