.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း
အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းဘက်က စစ်ဆေးမှု ကြန့်ကြာခြင်းကြောင့် အချိန်ကြာမြင့်စွာ
စောင့်ဆိုင်းတန်းစီနေရခြင်းဖြစ်သည်ဟု တာချီလိတ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ငြိမ်းအောင်က ပြောဆိုခဲ့သည်။
.
.
တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားတွင်
ခရီးသွား အိမ်စီးကားများ၊
လူစီး အငှားယာဉ်ငယ်များ နှင့်ကုန်စည်တင်ဆောင်သော မော်တော်ယာဉ်ငယ်များ အချိန်ကြာမြင့်စွာ
တန်းစီစောင့်ဆိုင်းနေရမှုနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က လွှတ်တော်သို့ ကြယ်ပွင့်မပြမေးခွန်း
မေးမြန်းခဲ့ကြောင်း သိရသည်။
.
ဦးကျော်ငြိမ်းအောင်၏
မေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ယခင်ကာလများကဲ့သို့ တံတား ၂ စင်းကို
အသုံးပြုခွင့်ပေးခြင်းနှင့် သတ်မှတ်အချိန် တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်နိုင်မည့်အချိန်တွင်
ပြဿနာ အထိုက်အလျောက် ပြေလျော့နိုင်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားထားသည်ဟု သိရသည်။
.
“နှစ်နိုင်ငံနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်နေတော့ ထိုင်းနဲ့လည်း ညှိနှိုင်းရမယ့် ကိစ္စတွေ
ရှိပါတယ်။ အမှတ် (၁) ချစ်ကြည် ရေးတံတားပေါ်မှာ ကျွန်တော်ကိုယ်တိုင် သွားကြည့်သေးတယ်။
မြန်မာဘက်က စစ်ဆေးတာ မြန်ပါတယ်။ ထိုင်းဘက်မှာ ကြာနေတာပါ။ ထိုင်းရဲနဲ့ အကောက်ခွန်က တအားစစ်ဆေးတာပါ။
သူတို့ဘက်က ကြာတာပါ။ နှစ်နိုင်ငံ ညှိနှိုင်းရမှာပေါ့” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ငြိမ်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကုန်ပစ္စည်းတင် ယာဉ်ငယ်များ၊ ကျောင်းကြို/ပို့ယာဉ်များကို
အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခွင့် ရရှိရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
.
တာချီလိတ်မြို့သည်
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကုန်စည်နှင့် လူအများ အဓိက ကူးသန်းသွားလာရာ နယ်စပ်မြို့တစ်မြို့
ဖြစ်ပြီး တစ်ဘက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် ကုန်သွယ်ကူးသန်း သွားလာနိုင်ရန်
တံတား ၂ စင်း ရှိသည့်အနက် လက်ရှိ အမှတ် (၁) တံတားတွင် လူ၊ အငှားယာဉ်၊ ကုန်စည်တင် ယာဉ်ငယ်များကို
ကူးသန်းဖြတ်သန်းသွားလာခွင့်ပြုထားပြီး အမှတ် (၂) တံတားပေါ်တွင် ကုန်ပစ္စည်းတင် ယာဉ်ကြီးများ၊
ဆီဘောက်ဆာကားကြီးများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။
.

No comments:
Post a Comment