.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်
.
မော်တော်ယာဉ် စုံ/မ သတ်မှတ်မှုကြောင့် ပြည်သူများ
အခက်အခဲဖြစ်နေရသည်ဟု လင်းခေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန်က ပြောဆိုခဲ့သည်ဟု
သိရသည်။
.
.ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန်က စက်သုံးဆီဈေးနှုန်း
မြှင့်တင်ရောင်းချမှုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်းရာ၌ ယင်းကဲ့သို့
ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
.
လက်ရှိအချိန်သည်
ကျောင်းဖွင့်လှစ်သည့်ရာသီဖြစ်သည့်အတွက် ကျောင်းကြို/ပို့ လုပ်ရာတွင် အစိုးရက ခွင့်ပြုထားသည့်
ဆီခွဲတမ်းမှာ လောက်ငမှု မရှိကြောင်း၊ ထို့အပြင် စုံ/မ ကန့်သတ်ချက်ကြောင့် ကျောင်း ကြို/ပို့အပါအဝင်
ပြည်သူများ သွားလာရေးအတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း စိုင်းဆေဟန်က လွှတ်တော်တွင်
မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
.
“အခု (စက်သုံးဆီ) ခွဲတမ်းက တစ်ပတ်နှစ်ကြိမ်ဆိုရင်ပြီးပြီပေါ့။
ဘာကြောင့် ထပ်ဆင့် စုံ/မ ခွဲနေရတာလဲပေါ့။ တကယ်တမ်း နယ်တွေမှာဆိုရင် အဆင်မပြေဘူး။ အခုလည်း
ကျောင်းဖွင့်တဲ့အချိန်ဆိုတော့ ကလေးတွေ ကျောင်းပို့/ကြိုတာ ဆီက မလောက်ဘူး။ ပြီးတော့
နယ်မှာ ဘယ်သူမှ စုံဂဏန်း၊ မဂဏန်း ကား ၂ စီး၊ ဆိုင်ကယ် ၂ စီး ဝယ်ရအောင် ချမ်းသာတာ မဟုတ်ဘူးလို့
ထပ်ဆင့်မေးခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆေဟန်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ မေးခွန်းမေးမြန်းမှုနှင့် ပတ်သက်၍ လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက စုံ/မ သတ်မှတ်မှုနှင့် စက်သုံးဆီ ချွေတာရေးသည်
နိုင်ငံတော်၏ မူဝါဒဖြစ်သည်ဟု လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
.
မေးခွန်းအပေါ် ပြန်လည်ဖြေဆိုမှုနှင့် ပတ်သက်၍
“ဝန်ကြီးဌာနကို မေးတဲ့အချိန်မှာ ဝန်ကြီးဌာနက ကျွန်တော်တို့ကို မူဝါဒနဲ့ပဲ
လာပြောနေတယ် ဆိုတော့ ပြည်သူ့ရဲ့ လိုအပ်ချက်တွေ၊ ကျွန်တော်တို့ မေးတဲ့ဟာနဲ့
ဝန်ကြီးဌာနက ဖြေတဲ့ဟာက အဆင်မပြေဘူး ဖြစ်နေတယ်။ ဒီအပေါ်မှာ မေးခွန်းတော့
ထပ်မေးရမယ့် သဘောပါပဲ။ မေးခွန်း မေးတဲ့သူတွေ အားလုံး ဒီနေ့ အဲဒီလို ဖြစ်နေတယ်။
မေးတာကတော့ တစ်မျိုး၊ ပြန်ပြောတဲ့ အချိန်မှာ မူဝါဒနဲ့ပဲ အကြောင်းပြပြီး
ကျွန်တော်တို့ကို ပြန်ဖြေသိမ့်နေတာပေါ့” ဟု စိုင်းဆေဟန်က ဆိုသည်။
.
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ပထမနေ့ကို ယနေ့ ဇွန်လ ၂ ရက်၊ နံနက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment