လူထုအား မချေမငံ ဆက်ဆံခဲ့သည့် တောင်ကြီအီကို အမှိုက်သိမ်းယာဉ်မောင်းကို တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 30, 2026

လူထုအား မချေမငံ ဆက်ဆံခဲ့သည့် တောင်ကြီအီကို အမှိုက်သိမ်းယာဉ်မောင်းကို တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့်ထား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

.

လူထုအား မချေမငံ ဆက်ဆံပြီး အမှိုက်ထုပ်ကို လမ်းမပေါ်သို့ ပစ်ခွဲခဲ့သည့် ‌တောင်ကြီးအီကို ပုဂ္ဂလိက အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးကုမ္ပဏီမှ ယာဉ်မောင်းကို တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူထားသည်ဟု သိရသည်။

.

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တလုံးကြီးလမ်းမ၊ ဧရာဝတီလမ်းဆုံအနီးတွင် ယမန်နေ့ ဇွန်လ ၂၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်ခန့်က အမှိုက်သိမ်းဆည်းရန် လာရောက်သည့် တောင်ကြီးအီကို ကုမ္ပဏီ အမှိုက်သိမ်းယာဉ် တစ်စီးမှ ယာဉ်မောင်းက အမှိုက်ထုပ်များကို ကားပေါ်သို မတင်ပေးသည့်အတွက် ဟုဆိုကာ အမှိုက်ထုပ်ကို ခွဲကာ လမ်းမပေါ်တွင် ပစ်ခွဲခဲ့ပြီး ဆိုင်ရှင်တစ်ဦးကို မချေမငံ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

“ပြည်သူကို မချေမငံ ဆက်ဆံတဲ့ ယာဉ်မောင်းကို အလုပ်က ထုတ်ပြီးတော့ တောင်ကြီးမြို့မရဲစခန်းမှာ အမှု ဖွင့်လှစ်ပြီး အချုပ်ထဲထည့်ထားပါတယ်။ ပြဿနာဖြစ်ခဲ့တဲ့ ဖုန်းဆိုင်ကိုလည်း ကုမ္ပဏီက တာဝန်ရှိသူတွေ ဒီနေ့ မနက်မှာပဲ သွားပြီး တောင်းပန်ပြီးပါပြီ” ဟု တောင်ကြီးအီကို ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

“ရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ ၆၁ (ခ) နဲ့ အမှုဖွင့်ပြီး ချုပ်ထားပါတယ်။ ရဲအရေးပိုင်တဲ့ အမှု ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ် တိုင်မှာပါ” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း  ပြောဆိုခဲ့သည်။

.

တောင်ကြီးအီကို ကုမ္ပဏီသည် လုပ်ငန်း စတင်ဆောင်ရွက်စဉ် ကတည်းက အမှိက်ခွန် ကောက်ခံမှု နှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှု ရှိခဲ့ပြီး အမှိုက်သိမ်း ယာဉ်မောင်းများနှင့် ဝန်ထမ်းများ၏ မချေမငံ ဆက်ဆံမှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှု များကြောင့်လည်း နာမည်ပျက် ရှိနေခြင်း ဖြစ်သည်။

.

တောင်ကြီးအီကို ကုမ္ပဏီသည် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆို၍ တောင်ကြီးမြိုပေါ်ရပ်ကွက်များအတွင်း အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages