အမည်းရောင် တီလားဗီးယားငါးတွေကြောင့် ထိုင်းနိုင်ငံက ပုစွန်မွေးသူတွေ ဒုက္ခရောက်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

အမည်းရောင် တီလားဗီးယားငါးတွေကြောင့် ထိုင်းနိုင်ငံက ပုစွန်မွေးသူတွေ ဒုက္ခရောက်နေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

ထိုင်းနိုင်ငံတွင်းက ပုစွန်မွေးမြူရေးကန်တွေမှာ အနက်ရောင်တီလားဗီးယား ငါးတွေ ဝင်ရောက်နေတာ ကြောင့် မွေးမြူရေးကန်တွေ အကြီးအကျယ် ထိခိုက်ပျက်စီးနေကြပါတယ်။ ထိုင်းနိုင်ငံ ဆွန်ခရမ်ပြည်နယ် ထဲမှာတော့ အဆိုးဆုံးဖြစ်နေပြီး ပုစွန်ကန်တွေထဲမှာ အနက်ရောင် တီလားဗီးယားတွေက ဝင်ရောက် နေရာယူနေတာကို တွေ့ခဲ့ရတာပါ။

.

.

ယီဆန်ကျေးရွာအုပ်စုက အသက် ၆၁ နှစ်အရွယ် အမွန်ဝမ် က သူမရဲ့ပုစွန်ကန် ဧက ၂၀ ကျော်ရဲ့ နောက်ဆုံး မွေးမြူမှု ကာလအပြီးမှာ ရောင်းချနိုင်မယ့် ပုစွန်တွေအစား အနက်ရောင်အပြည့်ဖြစ်နေတဲ့ တီလားဗီးယားငါး ၅ တန်လောက်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

.

ဒီငါးတွေကို ရောင်းချမှုက တစ်ကီလိုဂရမ်ကို ၈ ဘတ်သာ ရခဲ့ပြီး စုစုပေါင်း ဘတ် ၄၀၀၀၀ သာ ရခဲ့တာ ကြောင့် ပုစွန်သားပေါက်ဝယ်ယူစရိတ်၊ အစာဖိုးနဲ့ လုပ်သားခတွေ ကို အရှုံးပေါ်ခဲ့ရတာပါ။

.

အမွန်ဝမ် က ဒီအခြေအနေဟာ မွေးမြူရေးလုပ်ငန်းရှင်တွေ အနေနဲ့ တစ်ဦးချင်းဖြေရှင်းနိုင်တဲ့ အဆင့်ကို ကျော်လွန်နေပြီး အကြီးစား ရေသတ္တဝါမွေးမြူရေး လုပ်ငန်းတွေမှာလည်း ပုံစံတူ ပြသနာတွေနဲ့ ရင်ဆိုင် နေရတဲ့အကြောင်း ပြောပါတယ်။

.

“ဒါကအသေးစား မွေးမြူရေးလုပ်သူတွေ တစ်ယောက်တည်း မဖြေရှင်းနိုင်တဲ့ ပြသနာကြီးပါ။ မွေးမြူရေး လုပ်ငန်းကြီးတွေမှာလည်း ဒီလိုအခက်အခဲတွေ ကြုံနေရတာပါပဲ။ ကံကောင်းတာက ကျွန်မဆီမှာ အကြွေး မရှိတာပါ။ ရင်းနှီးမြုပ်နှံဖို့အတွက် ငွေချေးထားရသူတွေ ဆိုရင်တော့ ဒီအလုပ်ကို ဘယ်ဆက်လုပ်နိုင် တော့မလဲ” လို့ အမွန်ဝမ်က ဆိုပါတယ်။

.

ဒေသတွင်းမှာ ဆီယာနွိုင် လို့ လူသိများတဲ့ တီလားဗီးယားရောင်းသူ နက်ချာနော့ ကလည်း ဒီဖြစ်ရပ်တွေက ဒေသစီးပွားရေး တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ မှတ်ချက်ပေးထားတာပါ။ အနက်ရောင် တီလားဗီးယား ငါးတွေက ကျုးကျော်ငါးမျိုးစိတ်တွေ ဖြစ်ကြပြီး မွေးမြူရေးကန်တွေကို သာမကဘဲ လယ်ထဲမှာ မွေးမြူရေး လုပ်ကြတဲ့ လယ်သမားတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ သူမက ဆိုပါတယ်။

.

“လယ်သမားတွေက ပုစွန်၊ ဂဏန်းနဲ့ ငါးသားပေါက်တွေကို ကန်ထဲ လွှတ်ပေးကြတယ်။ ဒါပေမဲ့ တီလားဗီးယား တွေက အရွယ်မရောက်ခင် စားပစ်လိုက်ကြတာကြောင့် အများစုက မကြီးထွားနိုင်တော့ဘူး။ ဒီငါးတွေ ကန်ထဲရောက်လာပေမဲ့လည်း စားတဲ့သူတွေက မကြိုက်ကြတာမို့ ဈေးလည်း ဒီလောက်မရဘူး” လို့ နက်ချာနော့ က ဆိုပါတယ်။

.

ငါးကုန်သည်တွေရဲ့လက်ရှိဈေးကွက်မှာတော့ အနက်ရောင်တီလားဗီးယား တစ်ကီလိုဂရမ်ကို ၅ ဘတ်ကနေ ၆ ဘတ်နှုန်းနဲ့ ဝယ်ယူပြီး ၇ ဘတ်နှုန်းနဲ့ ပြန်လည်ရောင်းချနေကြတာပါ။ ဒီငါးအများစုကို တိရစ္ဆာန်အစာ ဒါမှမဟုတ် ငါးမျှားအစာအဖြစ် အသုံးပြုကြပြီး ပင်လယ်ငါးကြီးတွေ မျှားတဲ့နေရာတွေမှာ သုံးကြလေ့ရှိတာပါ။

.

လယ်သမားအများစုက ဒီငါးတွေကို ဖယ်ရှားဖို့ အလုပ်သမားငှားရမ်းခ ဘတ် သောင်းချီပေးနေကြရပြီး ပြန်လည်ရောင်းချလို့ ရတဲ့ငွေက ဘတ် ထောင်ဂဏန်းပဲရှိတာမို့ ဆုံးရှုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

.

အနက်ရောင်တီလားဗီးယားတွေက အာဖရိကတိုက်ကနေ ပေါက်ဖွားလာတဲ့ ငါးမျိုးစိတ်ဖြစ်ပြီး သုတေသန လုပ်ငန်းတွေအတွက် ၂၀၁၀ မှာ ထိုင်းနိုင်ငံကို တင်သွင်းခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာတော့ ဒေသတွင်း ရေလမ်းကြောင်းတွေမှာ အနက်ရောင်တီလားဗီးယားတွေကို စတင်တွေ့လာရပြီး အရေအတွက် များပြား လာတာနဲ့အမျှ မွေးမြူရေးလုပ်ငန်းတွေ ထိခိုက်လာနေကြတာပဲဖြစ်ပါတယ်။

.

Source – BangKok Post

.

No comments:

Post a Comment

Pages