မအိမ့်ချစ်သူနှင့် လူငယ်မောင်မယ်များကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

မအိမ့်ချစ်သူနှင့် လူငယ်မောင်မယ်များကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်

.

တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၌ ပထမဆု ရရှိသည့် မအိမ့်ချစ်သူ နှင့် ထူးချွန်လူငယ်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ ဇွန်လ ၆ ရက်၊ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ အခမ်းအနားသို့ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ ထူးချွန် လူငယ်မောင်မယ်များ ဖြစ်ကြသည့် မအိမ့်ချစ်သူ၊ ဗဟိုအဆင့် အလယ်တန်းအောင်မြင်သူ ၁၁ ဦး၊ မူလတန်းအဆင့် စတုတ္ထ ရရှိသူ ၁ ဦး၊ ပြည်နယ်အဆင့် အောင်မြင်သူ ၄၃ ဦးတို့နှင့် အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ စိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

.

အခမ်းအနားတွင် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဆရာတော်မှ သုတစုံလင် ဗုဒ္ဓဝင်နှင့် ပတ်သက်၍ မိန့်ကြားခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြား ခြင်း၊ ပွဲကျင်းပရေးကော်မတီ ဥက္ကဌက ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ကာ ထူးချွန်လူငယ်မောင်မယ်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပြီးနောက် မအိမ့်ချစ်သူက ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပွဲကျင်းပရေးကော်မတီက ငွေကျပ် ၃၉၄ သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁၈၆ သိန်း၊ ရှမ်းပြည်နယ်လွှတ်တော်က ၄၅ သိန်း၊ စုစုပေါင်းငွေကျပ် ၆၂၅ သိန်းကို ထူးချွန်လူငယ်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages