.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်
.
၂၀၁၈ ခုနှစ်မှာ အီသီယိုပီးယားနိုင်ငံရဲ့
ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အဘီအာမက် ဟာ နိုင်ငံတွင်းက လူပေါင်း များစွာရဲ့
မျှော်လင့်ချက်တစ်ရပ် ဖြစ်လာခဲ့တာပါ။ ဆယ်စုနှစ်ပေါင်းများစွာ အစိုးရရဲ့တင်းကျပ်တဲ့
ထိန်းချုပ်မှု အောက်မှာ ဖိနှိပ်ခံနေရတဲ့ အီသီယိုပီးယားဟာ သူတို့နိုင်ငံအတွက်
စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပေးမယ့် ခေါင်းဆောင်တစ်ဦးကို ရပြီလို့
ယုံကြည်ခဲ့ကြတယ်။
.
.အဘီအာမက်ရဲ့ အရှေ့မှာ တာဝန်ယူသွားတဲ့
ဝန်ကြီးချုပ် ဒက်ဆာလင် က ခြောက်နှစ်နီးပါး နိုင်ငံကို အုပ်ချုပ် ခဲ့တာပါ။
ဒက်ဆာလင်ရဲ့ လက်ထက်မှာ နိုင်ငံရဲ့စီးပွားရေး တိုးတက်လာခဲ့ပေမဲ့လည်း
ဆန့််ကျင်သူတွေကို အင်အားသုံး ဖိနှိပ်မှုတွေ၊ ရှေးရိုးစွဲမှုတွေကြောင့်
ဆန္ဒပြပွဲတွေက အဆက်မပြတ်ဖြစ်ပေါ်ခဲ့ရပြီး နောက်ဆုံးမှာ တော့ ရာထူးကနေ ထွက်ခဲ့ရတဲ့ အခြေအနေဆီ
ဆိုက်သွားခဲ့ပါတယ်။
.
အဲဒီနောက်မှာတော့ အဘီအာမက် က
ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ အသက် ၄၁ နှစ်နဲ့ ဝန်ကြီးချုပ် ဖြစ်လာ ခဲ့တဲ့သူ
ရာထူးလက်ခံပြီး ရက်ပေါင်း ၉၀ အကြာမှာတင် အနှစ် ၂၀ လုံးလုံး စစ်ဖြစ်နေခဲ့တဲ့
အိမ်နီးချင်း အီရစ်ထရီးယားနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင်
စွမ်းဆောင်ပြလိုက်သူပါ။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေ၊
မီဒီယာလွတ်လပ်ခွင့်တွေ ပေးလာတာတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ပါ
ဖြစ်သွားခဲ့ရတာပါ။ ဒီအခြေအနေတွေကြောင့်ပဲ အီသီယိုပီးယားနိုင်ငံသားတွေက အာမက် ကို
ဒီမိုကရေစီကျတဲ့ ခေတ်သစ်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်မယ့်သူ လို့ ယုံကြည်ခဲ့ကြတာပါ။
.
ဒါပေမဲ့ ဒီမျှော်လင့်ချက်တွေက
ကြာကြာမခံရှာပါဘူး။ ဒီနေ့အချိန်မှာတော့ အာဖရိကတိုက်ရဲ့ ဒုတိယလူဦးရေ
အများဆုံးနိုင်ငံဖြစ်တဲ့ အီသီယိုပီးယား ဟာ ပြင်းထန်တဲ့ လူမျိုးရေးခွဲခြားမှု
လှိုင်းလုံးတွေ၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်မရှိတဲ့ ကန့်သတ်ချက်တွေနဲ့
အမြင်မတူသူတွေကို ဖိနှိပ်တဲ့ အခြေအနေတွေကို ရင်ဆိုင် နေရပြီး ဒက်ဆာလင် တုန်းကထက်
ဆိုးတဲ့ ခေတ်တစ်ခုကို ရောက်လာခဲ့ပါတယ်။
.
တစ်ချိန်တုန်းက နိုင်ငံကို ကုစားပေးမယ့် ခေါင်းဆောင်လို့
ချီးကျုးခံခဲ့ရတဲ့ အာမက် ဟာ အီသီယိုပီးယား နိုင်ငံအတွင်းက အက်ကြောင်းတွေရဲ့အဓိက
နေရာမှာရှိနေပြီး လာမယ့်ရွေးကောက်ပွဲမှာလည်း သူ့ရဲ့ပါတီကပဲ ဆက်ပြီးအနိုင်ရဖို့
ခန့်မှန်းမှုတွေ ရှိနေကြတုန်းပါ။
.
အီသီယိုပီးယားရဲ့လက်ရှိအခြေအနေက ငရဲနဲ့
နိဗ္ဗာန်နှစ်ခုကို ခွဲခြားထားလိုက်သလိုပါပဲ။ မြို့တော် အက်ဒစ် အဘာဘာ မှာ
အထပ်မြင့်အဆောက်အဦးသစ်တွေ၊ တိုးချဲ့ထားတဲ့ လမ်းမကြီးတွေ၊ မြို့ပြမီးအလင်းရောင် တွေ၊
ပန်းခြံတွေအပြင်၊ စတော့ဈေးကွက်သစ် ဖွင့်လှစ်တာတွေပါ ပြုလုပ်နေတာမို့
ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေတဲ့ နေရာအဖြစ် မြင်နေရတာပါ။
.
ဒါပေမဲ့ မြို့တော်ရဲ့ နယ်နမိတ်ကို
လွန်သွားပြီဆိုတာနဲ့ တောက်ပတဲ့ပုံရိပ်က ပျောက်သွားတော့တာပါပဲ။ တီဂရေး၊ အမ်ဟာရာနဲ့
အိုရိုမီးယာ ဒေသတွေမှာ လက်ရှိအချိန်အထိ စစ်ပွဲတွေ၊ အစုလိုက်အပြုံလိုက် အသတ် ခံရတာတွေ၊
နေရပ်စွန့်ခွာ ထွက်ပြေးနေရမှုတွေ ဖြစ်နေတာပါ။ အဘီအာမက်က ဒီနေရာတွေကို
ငြိမ်းချမ်းအောင်လုပ်ဖို့ မျက်ကွယ်ပြုခဲ့ပြီး ဒေသခံလက်နက်ကိုင်တွေက
သူတို့ရဲ့ကိုယ်ပိုင်ဥပဒေတွေ ရေးဆွဲကာ ဒီနေရာတွေကို ထိန်းသိမ်းထားခဲ့ကြတာပါ။
.
အီသီယိုးပီးယား ကို EPRDF လို့လူသိများတဲ့
မဟာမိတ်အဖွဲ့က အနှစ် ၃၀ လောက် အုပ်ချုပ်လာခဲ့ကြတာပါ။ အဲဒီအဖွဲ့မှာ တီဂရေး၊
အမ်ဟာရာ၊ အိုရိုမီးယာနဲ့ တောင်ပိုင်း တိုင်းရင်းသား ဒေသတွေကို ကိုယ်စားပြုတဲ့
အင်အားကြီး လူမျိုးအခြေပြု နိုင်ငံရေးပါတီ ၄ ခုပါဝင်ခဲ့တာပါ။ အဘီအာမက် ကိုလည်း
ဒီမဟာမိတ်အဖွဲ့က တင်မြှောက်ထားတာဖြစ်ပြီး နိုင်ငံရေးအရ တင်းမာမှုတွေကို
လျော့ပါးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
.
ဒါပေမဲ့ အာမက် က နိုဘယ်ငြိမ်းချမ်းရေး ဆုရပြီး
တစ်လအကြာမှာပဲ EPRDF အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီအစား
တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးပါတီတစ်ခုကို တည်ထောင်ပြီး အရင်မဟာမိတ်ပါတီတွေနဲ့
လူနည်းစု တိုင်းရင်းသားပါတီတွေကို ပေါင်းစည်းခဲ့တာပါ။ ဒါ့အပြင် ဒေသအလိုက်
လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖျက်သိမ်းပြီး အမျိုးသားစစ်တပ်ထဲ ပူးပေါင်းစေခဲ့တာပါ။
.
ဒီ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်
က သူတို့ရဲ့အာဏာကို ဆုံးရှုံး သွားခဲ့ရပြီး အစိုးရကို ပေါ်တင်ဆန့်ကျင်တဲ့ အင်အားစု
ဖြစ်သွားခဲ့တာပါ။ အာမက်ရဲ့မွေးရပ်မြေဖြစ်တဲ့ အိုရိုမီးယာ မှာတောင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပြီး အာမက်ကို
ဆန့်ကျင်ဖို့ ကြိုးစားလာခဲ့ကြတာပါ။
.
ဒီအခြေအနေတွေကြောင့်ပဲ အစိုးရက တင်းကျပ်တဲ့
နိုင်ငံတော် ထိန်းချုပ်မှုစနစ်ဆီ ပြန်လည်ဦးတည်လာခဲ့ပြီး အတိုက်အခံ ခေါင်းဆောင်တွေနဲ့
သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းတာ တွေ
လုပ်လာခဲ့တာပါ။ ဗဟိုအစိုးရရဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုကို မကျေနပ်တဲ့
တီဂရေးဒေသ က သူတို့ ဘာသာ ရွေးကောက်ပွဲကျင်းပလိုက်တဲ့အခါ တင်းမာမှုတွေ
ပိုမြင့်လာပြီး ၂၀၂၀ နိုဝင်ဘာမှာ ပြည်တွင်းစစ် အဖြစ် စတင်လာတော့တာပါပဲ။
.
ဒီပြည်တွင်းစစ်က လူပေါင်း ၆၀၀၀၀၀ လောက်
သေဆုံးခဲ့ရပြီး သမိုင်းတစ်လျှောက် သေဆုံးမှုအများဆုံး ပြည်တွင်းစစ် အဖြစ်လည်း
မှတ်တမ်းဝင်သွားခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ အာဖရိကသမဂ္ဂရဲ့ ကြားဝင်မှုနဲ့
ငြိမ်းချမ်းရေး ရခဲ့ပေမဲ့လည်း လက်ရှိအခြေအနေအရ ပြည်တွင်းစစ် ပြန်ဖြစ်မှာကို
စိတ်ပူနေရတဲ့ အနေအထား ဖြစ်လာပြန်တာပါ။
.
အဘီ အာမက်ရဲ့ အုပ်ချုပ်မှုအောက်မှာ
အီသီယိုးပီးယား ပြည်သူတွေက အရင်ကထက်ပိုပြီး ကွဲပြားနေတာကို မြင်တွေ့နေရတယ်ဆိုတဲ့
စကားသံတွေက များသထက် များလာခဲ့ကြပြီး တစ်ချိန်တုန်းက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုပြီး
နတ်ဘုရားသဖွယ် ဖြစ်ခဲ့တဲ့ အာမက် ဟာ ဒီနေ့ဒီအချိန်မှာတော့ နတ်ဆိုးသဖွယ်
ပြောင်းလဲလာနေတာကို အီသီယိုပီးယား နိုင်ငံသားတွေ လက်ခံနေကြရတာပဲ ဖြစ်ပါတော့တယ်။
.
Source : CNN
.

No comments:
Post a Comment