.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ
စက်သုံးဆီအရောင်းဆိုင်အချို့တွင် ရောင်းချပေးသည့်အချိန် လျော့နည်းလာသည့်အတွက်
ဒေသခံများ ဆီဝယ်ယူရန် ခက်ခဲလာနေရကြောင်း သိရသည်။
.
.တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ
အရောင်းဆိုင်များတွင် ယခင်က နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၄ နာရီခွဲအထိ
ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ခွဲတမ်းဖြင့် စက်သုံးဆီ ရောင်းချပေးခဲ့သော်လည်း ယခု
ဇွန်လဆန်းပိုင်းမှ စတင်၍ နေ့လယ်ပိုင်းအချိန်ထိသာ ရောင်းချပေးတော့ကြောင်း သိရသည်။
.
“တချို့ဆိုင်တွေက နေ့လယ်ပိုင်းအထိ ရောင်းတယ်။ တချို့ဆိုင်တွေဆိုရင်
ခုရက်ပိုင်း မနက်ပိုင်း ခဏလေးပဲ ဖွင့်ပြီး ရောင်းတော့တယ်။ ခွဲတမ်းနဲ့ ရတဲ့ဆီတောင်
ဆိုင်မဖွင့်တာနဲ့ ထုတ်လို့မရတော့ဘူး” ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ
ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေသည့်
ဆိုင်များတွင် ရရှိသည့် စက်သုံးဆီခွဲတမ်း လျော့နည်းလာသည့် အတွက် ယင်းကဲ့သို့
အချိန်လျှော့ချ ရောင်းချပေးခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“ကျောင်းဖွင့်ချိန်ရောက်မှ ဆီက ပိုတောင်ဆိုးလာသေးတယ်။
မနက်အစောပဲ ၀ယ်လို့ရတယ်။ ၁၀ နာရီ ကျော်သွားရင်တောင် ၀ယ်လို့မရတော့ဘူး။ အလုပ်အားချိန်
ဆီထည့်မယ်သွားတိုင်း ဆိုင်တွေက ပိတ်နေပြီ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ယခုအခါ ကျောင်းဖွင့်ရာသီ
ရောက်ရှိလာပြီဖြစ်သည့်အတွက် စက်သုံးဆီနှင့် ပတ်သက်၍ ဖြေလျှော့ပေးရန် ဒေသခံများက
လိုလားနေသော်လည်း ဝယ်ယူရန် ပိုမိုခက်ခဲလာနေရခြင်း ဖြစ်ကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
ယင်းကဲ့သို့ စက်သုံးဆီ အရောင်းဆိုင်ကြီးများတွင်
ခွဲတမ်းအလိုက် ရရှိသည့် ဆီကို ဝယ်ယူရန် ခက်ခဲနေ သော်လည်း ပြင်ပဈေးကွက်တွင်မူ
ဈေးကြီးပေး၍ အလွယ်တကူ ဝယ်ယူရရှိနိုင်နေကြောင်း ပြောဆိုမှုများ လည်း ရှိနေသည်။
.

No comments:
Post a Comment